စေတုတ္တရာ ဩဂုတ် ၁၉
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူကုန်ကူးမှုအန္တရာယ်အသိပညာဟောပြောပွဲနှင့် နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ယနေ့နံနက် (၁၀)နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre)၌ကျင်းပခဲ့သည်။
အဆိုပါအသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဒုတိယဦးစီးမှူး ဒေါ်အေးမြသန္တာက “လူကုန်ကူးမှုဆိုတာဘာလဲ၊ လူကုန်ကူးမှုနဲ့ လူမှောင်ခိုကူးမှုတို့၏ ကွာခြားချက်၊ ပြစ်မှုကျူးလွန်ပုံ၊ ကျူးလွန်နည်း၊ ကျူးလွန်ခံရသူများ၏ နစ်နာမှုအတိမ်အနက်၊ ဖြစ်ပွားနိုင်သည့်ဒေသအခြေအနေမတူညီမှုများ၊ လူကုန်ကူးမှုဖြစ်ပွားရသည့် အကြောင်းအရင်း၊ လူကုန်ကူးမှုပုံစံများ၊ လူကုန်ကူးမှုကျူးလွန်မခံရအောင် ဘယ်လိုကာကွယ်မလဲ” စသည့်အကြောင်းအရာများကိုလည်းကောင်း၊ လူကုန်ကူးမှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်အဖြစ်သတ်မှတ်၍ နိုင်ငံသားအားလုံးပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း ဟောပြောဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန် လူကုန်ကူးမှုအန္တရာယ်အသိပညာပေး နံရံကပ်စာစောင်များ၊ သုတ၊ ရသစာအုပ် စာစောင်များပြသပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
ဆန်းကိုကို(ပြန်/ဆက်)