ငါးသိုင်းချောင်း စက်တင်ဘာ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့၌ သဘာဝဘေးအန္တရာယ်ပေါ်ပေါက်လာပါက လက်တွေ့အသုံးချနိုင်ရန်နှင့် ကြိုတင်ပြင်ဆင်နိုင်ရန်အတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် မီးဘေးလုံခြုံရေးသရုပ်ပြလေ့ကျင့်ခြင်းကို ယနေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်းခွဲ (တက်ဆိပ်) ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးဒေါ်ဇင်မာဦးက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူးဒေါ်ခင်မာလာအောင်က သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်ပြီး မိုးလေဝသသတိပေးအချက်အလက်များကို ဂရုတစိုက်နားထောင်ကြပြီး မိသားစုဝင်များ၊ အနီးအနားရှိပြည်သူများအား အသိပေးကြရန်၊ ဘေးအန္တရာယ်ဖြစ်လာလျှင် ဘေးကင်းလုံခြုံသည့်နေရာသို့ ပြောင်းရွှေ့နေထိုင်ကြရန် အသိပညာပေး ဆွေးနွေးဟောပြောခဲ့သည်။
ဆက်လက်၍ ငါးသိုင်းချောင်း နယ်မြေမီးသတ်စခန်းမှလက်ထောက်မီးသတ်ဦးစီးမှူး ဦးဝင်းနိုင်က မီးဘေးအန္တရယ်ပေါ်ပေါက်လာပါက အရေးပေါ်အသုံးပြုနိုင်ရန်ကျောင်းသား၊ ကျောင်းသူများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရမည့်အချက်များနှင့် မီးလောင်မှုဖြစ်ပွားစေနိုင်သောအချက်များ၊ မီးသတ်ဆေးဗူးအသုံးပြု၍မီးငြိမ်းသတ်ခြင်းများ၊မီးကတ်၊သဲအိတ်၊ရေပုံးများ အသင့်ထားရှိရန်လိုအပ်ကြောင်းကို အသိပညာပေးရှင်းလင်းဟောပြောခဲ့သည်။
ထို့နောက်မီးဘေးလုံခြုံရေးဇာတ်တိုက်သရုပ်ပြရာ လက်ထောက်ဦးစီးမှူး ဦးဝင်းနိုင်ဦးဆောင်သော သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက အ.ထ.က (ခွဲ) တက်ဆိပ်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား မီးလောင်ခြင်းအန္တရာယ်ကြုံတွေ့ပါက အရေးပေါ်မီးငြိမ်းသတ်နိုင်ရန်ပြသပေးခြင်း၊ အဝတ်ရေစိုဖြင့်အရေးပေါ် မီးငြိမ်းသတ်ပုံများကို သရုပ်ပြကာ လက်တွေလေ့ကျင့်ပေးခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ငါးသိုင်းချောင်း (ပြန်/ဆက်)