လပွတ္တာမြို့နယ် အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း အသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပ

လပွတ္တာ စက်တင်ဘာလ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းနှင့် စက်မှုလက်မှုပညာသင်တန်း‌ကျောင်းတို့ပူးပေါင်း၍ ယမန်နေ့နံနက် ၉ နာရီအချိန်က အသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပပြုလုပ်သည်။

ထိုအခမ်းအနားတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးတင့်က အဖွင့်အမှာစကားပြောကြားခြင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစံရင်မော်က ပြည်သူ့စစ်မှုထမ်း အကြုံးဝင်အသက်အရွယ်အပိုင်းအခြားများအ‌ကြောင်း၊ ပြည်သူ့စစ်မှုထမ်းကင်းလွတ်ခွင့်ရရှိသူများအ‌ကြောင်း၊ ဥပဒေ၊ နည်းဥပဒေများအကြောင်း အသေးစိတ်ရှင်းလင်းဟောပြောခြင်း၊ လပွတ္တာမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်ဝင်းနိုင်က သဘာဝပတ်ဝန်းကျင်စိမ်းလန်းစို‌ပြေရေး၊ သစ်တောသစ်ပင်ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာများ အသိပညာပေးဟောပြောခြင်း၊ ခရိုင်မီးသတ်ဦးစီးဌာနမှ လက်ထောက်မီးသတ်ဦးစီးမှူး ဒေါ်မြတ်နိုးရတနာစံက မီးလောင်မှုမီးလန့်မှုများဖြစ်ပွားလာပါက ဆောင်ရန်ရှောင်ရန်နည်းလမ်းများ၊ အရေးပေါ်မီးငြှိမ်းသတ်နည်းများ၊ မီးသတ်‌ဆေးဗူးအသုံးပြုပုံများ ရှင်းလင်းဟောပြောပြီး လက်တွေ့မီးငြှိမ်းသတ်နည်းသရုပ်ပြသခြင်း၊ အမှတ် (၈၃) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး ရဲအုပ်ပြည့်ဖြိုးအောင်က ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာများ၊ ဥပဒေ၊ နည်းဥပဒေများအကြောင်း အကျယ်တဝင့်ရှင်းလင်းဟောပြောခြင်း၊ ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါက်တာနွယ်နွယ်အောင်က ခွေးရူး‌ရောဂါကာကွယ်ရေးနည်းလမ်းများ၊ မွေးမြူရေးနှင့် ကုသရေးနည်းလမ်းများ အကြောင်းရှင်းလင်းဟောပြောခြင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြင့်‌ဌေးက စားသုံးသူကာကွယ်ရေးနည်းလမ်းများ၊ ကုန်စည်ဝန်ဆောင်မှုများအကြောင်း ရှင်းလင်းဟောပြောခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်မောင်ဦးက သင်တန်းသား၊ သင်တန်းသူများ အသိပညာဗဟုသုတရရှိစေရန်နည်းလမ်းများ၊ စာဖတ်ခြင်းအကျိုးကျေးဇူးများအကြောင်း အကျယ်တဝင့်ရှင်းလင်း‌ ဟောပြောခဲ့ကြောင်း သိရသည်။

ဟိန်းထက်လင်း (ပြန်/ဆက်)