ပခုက္ကူမြို့၊ မူလတန်းကြိုကျောင်း၌ ရင်သွေးငယ်လေးများ၏ ဉာဏစွမ်းရည်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ

ပခုက္ကူ စက်တင်ဘာ ၁၉

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနကြီးကြပ်မှုအောက်ရှိ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ မူလတန်းကြိုကျောင်း၌ ရင်သွေးငယ်လေးများ၏ ဉာဏစွမ်းရည်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပခုက္ကူခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သန္တာဦးက ဉာဏစွမ်းရည်ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်းရွယ်ချက်များအကြောင်း ရှင်းလင်းပြောကြားပြီး ဉာဏစွမ်းရည်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော ရင်သွေးငယ်လေးများက ပြိုင်ပွဲဝင် ကဗျာ၊ ပုံပြင်၊ သီချင်းများဖြင့် ပြန်လည်ဖျော်ဖြေခဲ့ကြသည်။

ဆက်လက်၍ ပခုက္ကူခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင်၊ ခရိုင်စီမံကိန်းရေးဆွဲရေးဦးစီးမှူး ဒေါ်စီစီထွန်းနှင့် တာဝန်ရှိသူများက ပန်းချီ၊ ပုံပြင်ပြော၊ ကဗျာရွတ်ဆို၊ အင်္ဂလိပ်ကဗျာရွတ်ဆို၊ သီချင်းဆိုပြိုင်ပွဲ စသည့် ဉာဏစွမ်းရည်ပြိုင်ပွဲအမျိုးအစားအလိုက် ဆုရရှိသော ရင်သွေးငယ်လေးများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြသည်။

အဆိုပါပြိုင်ပွဲတွင် ပခုက္ကူမြို့၊ မူလတန်းကြိုကျောင်းမှ ‌ရင်သွေးငယ် ကျောင်းသား ကျောင်းသူ ၁၅၀ဦးဝင်ရောက်ယှဉ် ပြိုင်ခဲ့ရာ အကဲဖြတ်ဒိုင်လူကြီးများက ပြိုင်ပွဲစည်းမျဉ်း၊ စည်းကမ်းချက်များနှင့်အညီ အမှတ်ပေးရွေးချယ်ခဲ့ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)