မြောင်းမြ စက်တင်ဘာ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာရေးကော်မတီဥက္ကဋ္ဌဖလား ကျောင်းပေါင်းစုံအမျိုးသားဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနားအား ယမန်နေ့ မွန်းလွဲ (၂:၃၀) အချိန်က မြို့မအားကစားကွင်းအတွင်း၌ ကျင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲ၏ နောက်ဆုံးဗိုလ်လုပွဲ အဖြစ် အ.ထ.က (စခန်းကြီး) ဘောလုံး အသင်းနှင့်အ.ထ.က (မြင်းကကွင်း) ဘောလုံးအသင်းတို့က အကြိတ်အနယ်ယှဥ်ပြိုင်ကစားခဲ့ကြသည်။ ထိုသို့ယှဥ်ပြိုင်ကစားကြရာ ပွဲကစားချိန်မိနစ်အတွင်း အ.ထ.က (မြင်းကကွင်း) ဘောလုံး အသင်းကအ.ထ.က (စခန်းကြီး) ဘောလုံးအသင်းအား (၃) ဂိုး၊ (၁)ဂိုး ရလာဒ်ဖြင့် အနိုင်ရရှိခဲ့ကာ ပြိုင်ပွဲ၏ ပထမဆုဖလားကြီးကိုရရှိခဲ့သည်။
ထို့နောက် ဆုပေးပွဲအခမ်းအနားအား ဆက်လက်ကျင်းပရာ နောက်တန်း၊ အလယ်တန်း၊ ရှေ့တန်း၊ဂိုးသမားစသည့်နေရာအလိုက် တစ်ဦးချင်း အကောင်းဆုံးဆုများကို တာဝန်ရှိသူ များက ဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများအသီးသီး ပေးအပ်ခဲ့ကြသည်။ ဆက်လက်၍ ပြိုင်ပွဲ၏ ဒုတိယဆုရရှိသည့် အ.ထ.က(စခန်းကြီး) ဘောလုံးအသင်းအား ဒုတိယဆုဖလားနှင့် ဂုဏ်ပြု ဆုငွေများကို မြောင်းမြခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အတွင်းရေးမှူး ဒုရဲမှူး သောင်းထိုက်နှင့်တာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့ကြသည်။ ထို့နောက်ပြိုင်ပွဲ၏ ပထမဆု ဖလားရရှိခဲ့သည့် အ.ထ.က (မြင်းကွင်း) ဘောလုံးအသင်းအား ပထမဆုဖလားကြီး နှင့်ဂုဏ်ပြုဆုငွေများကို မြောင်းမြခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကိုကိုတို့က အသီးသီးပေးအပ်ခဲ့ကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။
အောင်ဖြိုး