မုံရွာ စက်တင်ဘာ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၈/၂၀၂၅) အစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ တိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီအဖွဲ့ဝင်များနှင့် ဟိုတယ်/တည်းခိုရိပ်သာလုပ်ငန်းရှင်များ တက်ရောက်ကြကြောင်း သိရသည်။
ဦးစွာတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီးအတွင်းမှာ ခရီးသွားဇုန်(၆)ဇုန် ပိုင်းခြားသတ်မှတ်ထားခဲ့ရာ မန္တလေးငလျင်ဘေးဒဏ်ကြောင့် စစ်ကိုင်းခရီးသွားဇုန်၏ ဧည့်သည်အဝင် ရပ်ဆိုင်းနေသော်လည်း မုံရွာဇုန်နှင့်ကလေးဇုန်တို့မှာ ပြင်တွင်းခရီးသွား ပိုမိုရောက်ရှိနေတယ်လို့ သိရှိရပါကြောင်း။ မကြာမီမှာ သီတင်း ကျွတ်ကာလနှင့် ကျောင်းပိတ်ရက်ရှည်ရောက်ရှိတော့မှာဖြစ်တဲ့အတွက် မြန်မာလူမျိုးတို့၏ ဓလေ့ထုံးစံအတိုင်း သွားလာလည်ပတ်ကြမှာဖြစ်တဲ့အတွက် ဟိုတယ်၊ တည်းခိုရိပ်သာတွေက ဝန်ဆောင်မှုကောင်းများနဲ့ ဆောင်ရွက်ပေးနိုင်ဖို့ လိုအပ်ပါကြောင်း။ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုတာ အတတ်ပညာနှင့် အသိပညာပေါင်းစပ်ဆောင်ရွက်ရတဲ့ လုပ်ငန်းတစ်ခုဖြစ်တဲ့အတွက် အတတ်ပညာအနေဖြင့် ဟိုတယ်တည်းခိုသူများကို ဝန်ဆောင်မှု ပေးခြင်း၊ Tourist တွေကို ရှင်းလင်းပြောကြားတဲ့ ဧည့်လမ်းညွှန်(Guide) လုပ်ခြင်း၊ (IT) နည်းပညာသုံး၍ ဈေးကွက်ရှာဖွေခြင်း၊ ကြော်ငြာခြင်းတို့ဖြစ်ပြီး အသိပညာရပ်အနေနဲ့ကတော့ သဘာဝပတ်ဝန်းကျင်ကို ချစ်ခင်မြတ်နိုးတန်ဖိုးထားတတ်ဖို့၊ ယဉ်ကျေးမှုအမွေအနှစ်တွေကို ထိန်းသိမ်း စောင့်ရှောက်ရမယ်ဆိုတဲ့ ခံယူချက်ရှိဖို့၊ ဒေသအလိုက် မတူကွဲပြားတဲ့ ဓလေ့ထုံးစံ ယဉ်ကျေးမှုတွေကို အပြန်အလှန်လေးစား အသိအမှတ်ပြုတတ်ဖို့ဖြစ်ကြောင်း ရေရှည်တည်တံ့ ခိုင်မြဲသောခရီးသွားလုပ်ငန်းဖြစ်ဖို့အတွက် အသိပညာနဲ့အတတ်ပညာ(၂)ခု ပေါင်းစပ်ဆောင်ရွက် မည်ဖြစ်ပါကြောင်း၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်က ယခုနှစ်ချမှတ်ပေးထားတဲ့ ဆောင်ပုဒ်ကတော့ “ခရီးသွားကဏ္ဍရေရှည်ဖွံ့ဖြိုးဖို့ စဉ်ဆက်မပြတ် ဖော်ဆောင်ကြစို့” ဖြစ်ပါတယ်။ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးသွားတဲ့ စစ်ကိုင်းမြို့က ဟိုတယ်တည်းခို ရိပ်သာ(၄)လုံး ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ပြီးစီးနေပြီဖြစ်၍ တိုင်းဒေသကြီးအတွက်ရော ခရီးသွားလုပ်ငန်းကြီး တစ်ခုလုံးအတွက်ရော အကျိုးရှိမှာဖြစ်တဲ့အတွက် ဆက်စပ်ဌာန ဆိုင်ရာများနဲ့ နယ်ပယ်ကဏ္ဍအလိုက် တာဝန်ရှိသူများ အချိန်နှင့်တစ်ပြေးညီ ပူးပေါင်းဆောင်ရွက် ကြဖို့ တိုက်တွန်း ပြောကြားခဲ့ သည်။
ယင်းနောက် တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက ဒေသဆိုင်ရာ ခရီးသွား လုပ်ငန်းဆိုင်ရာများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ တိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်စိန်က ခရီးသွား လုပ်ငန်း ကော်မတီ ၇/၂၀၂၅ ၏ အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှုနှင့် ဆောင်ရွက်ဆဲအခြေ အနေများ၊ ယခုအစည်းအဝေးတွင် ဆုံးဖြတ်အတည်ပြုပေးရမည့် ကိစ္စရပ်များနှင့် တိုင်းဒေသကြီး အတွင်း ခရီးသွားဝင်ရောက်မှု အခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာသည့် ကော်မတီအဖွဲ့ဝင်များက မိမိတို့ဌာနများ အလိုက် တိုင်းဒေသကြီးအတွင်းရှိ ခရီးသွားဇုန်များ၌ သန့်ရှင်းသပ်ရပ်မှု လုပ်ငန်းများ ဆောင်ရွက် ထားရှိမှုများ၊ ခရီးသွားများ သွားလာရေး၊ နေထိုင်ရေးနှင့် ဟိုတယ်/တည်းခိုရိပ်သာများ ပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများအားလည်းကောင်း၊ ဟိုတယ်/တည်းခိုရိပ်သာ လုပ်ငန်းရှင်များက မိမိတို့လုပ်ကိုင်ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့်ပတ်သက်၍ ဖြည့်ဆည်းပေးရန် လိုအပ်မှုအခြေအနေများအားလည်းကောင်း အသီးသီး အကြံပြုဆွေးနွေး တင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူများ၏ အကြံပြုဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)