အထက်မင်းလှ စက်တင်ဘာ ၁၉
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် သမဝါယမဦးစီးဌာနနှင့်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ ခေတ်မီစံပြကျေးရွာ ထူထောင်ရေးစီမံကိန်း (Smart Village) ဆောင်ရွက်လျက်ရှိသည့် သဖန်းချောင်းကျေးရွာရှိ ကျေးလက်နေပြည်သူများအား အသိပညာပေးဟောပြောပွဲကို ယမန်နေ့နေ့လယ် ၁ နာရီက သဖန်းချောင်းကျေးရွာ၊ အောင်သပြေခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က ကျေးရွာနေပြည်သူများအား ကောင်းမွန်သော အုပ်ချုပ်မှုစနစ်အကောင်အထည်ဖော်ခြင်းနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခဲ့သည်။ ထို့နောက် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဝင်းဇော်က ကျေးရွာနေပြည်သူများ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးရာတွင် အသက်အရွယ် ကန့်သတ်ချက်များနှင့် လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ဆောင်ပုဒ်အတိုင်း ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးနေမှုနှင့် အိမ်ထောင်စုလူဦးရေးစာရင်းများ ဆောင်ရွက်ပေးနေမှုကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် ရှင်းလင်းဟောပြောခြင်းနှင့် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဒေါက်တာအေးမင်းဇော်က ကျန်းမာရေးဆိုင်ရာသိကောင်းစရာများ ဟောပြောခဲ့သည်။
ဆက်လက်ပြီး မီးသတ်ဦးစီးဌာန၊ လက်ထောက်မီးသတ်ဦးစီးမှူး ဦးအောင်ကိုကိုက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်း၊ သစ်တောဦးစီးဌာန၊ ဦးစီးမှူး ဦးစိန်ကျော်ငွေက သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်း၊ အပူပိုင်းဒေသစိမ်းလန်းစိုပြေရေးဦးစီးဌာန ဦးစီးမှူး ဦးမျိုးသန့်က ထင်းအစားထိုးလောင်စာစွမ်းအားမြှင့် မီးဖိုသုံးစွဲရေး အသိပညာပေးဟောပြောခြင်းနှင့် မြေစာရင်းဦးစီးဌာန၊ ဦးစီးမှူး ဦးကျော်နိုင်ဦးက မြေစာရင်းကိစ္စရပ်များဆိုင်ရာများ အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် သဖန်းချောင်းကျေးရွာနေပြည်သူများက သိလိုသည်များကို မေးမြန်းခဲ့ပြီး ဌာနဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြောင်း သိရသည်။
ဝင်းမြတ်(အထက်မင်းလှ)