မင်းလှမြို့၌ လူမှုရေးအသင်းအဖွဲ့ဝင်များအား ရှေးဦးပြုစုနည်း လက်တွေ့သရုပ်ပြ သင်တန်းဖွင့်လှစ်

အထက်မင်းလှ စက်တင်ဘာ ၁၉

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီအသင်းနှင့် မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ ရှေးဦးပြုစုနည်း လက်တွေ့သရုပ်ပြသင်တန်းကို ယမန်နေ့နံနက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဒေါက်တာအောင်ကျော်သူ၊ လက်ထောက်ဆရာဝန်က အရိုးကုသခြင်းနှင့်ပတ်သက်၍ လက်တွေ့သရုပ်ပြသင်ကြားပေးပြီး ကြက်ခြေနီအဖွဲ့ ဦးမြတ်ဦးမောင်မှ ရှေးဦးပြုစုခြင်းနှင့်ပတ်သက်၍ ရှေးဦးပြုစုခြင်း ဘာသာရပ်ပါလူနာဆန်းစစ်ခြင်း၊ (CPR)အသက်ရှုအားကူနည်း၊ ပတ်တီးစည်းနည်း၊ ဒဏ်ရာအမျိုးမျိုးနှင့် သွေးယိုစီးခြင်း၊ ဆို့နင့်ခြင်း၊ သတိလစ်ခြင်း၊ အဆိပ်သင့်ခြင်း၊ သတ္တဝါများ ကိုက်ခြင်းတုတ်ခြင်း၊ အပူလောင်ခြင်းနှင့် အပူရည်လောင်ခြင်း၊ ဒဏ်ရာဆေးထည့်နည်း၊ အရိုးကျိုးလူနာအား ကြပ်စည်းနည်း၊ ကျောရိုးတန်းမကြီး ဒဏ်ရာရလူနာအား ပြုစုနည်း၊ မီးသတ်ဦးစီးဌာနမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးဟိန်းထက်အောင်က မီးလောင်ဒဏ်ရာရလူနာအား လူနာတင်/ချပြုလုပ်ခြင်းနည်းတို့အား ကျွမ်းကျင်စွာ တတ်မြောက်စေရန် သင်ကြားပေးခဲ့ကြောင်း သိရသည်။ ထို့နောက် ကြက်ခြေနီအသင်းနှင့် ပရဟိတအသင်းများထံသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက အောက်ဆီဂျင်အိုးများ ပေးအပ်လှူဒါန်းခဲ့သည်။

အဆိုပါသင်တန်းသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ဝန်ထမ်းများ၊ ကြက်ခြေနီအသင်း၊ မီးသတ်ဦးစီးဌာန၊ ပရဟိတအသင်း/နာရေးအသင်းနှင့် လူမှုကူညီရေးအသင်းများ သင်တန်းသား၊ သင်တန်းသူ (၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ဝင်းမြတ်(အထက်မင်းလှ)