မင်းတုန်း စက်တင်ဘာ ၁၉
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်တွင် မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ယနေ့နံနက် ၈ နာရီက မင်းရွာကိုင်းကျေးရွာအုပ်စု ကွင်းအမှတ်(၃၂၇)ရှိ တောင်သူ ဦးဇော်ဌေးဦး၏ မိုးစပါးလယ်မြေ (၁.၁၈)ဧက၌ ယူရီးယားမြေဩဇာနှင့် သဘာဝမြေဩဇာ ၁:၃ ရောစပ်၍ စုပေါင်းကြဲပက်ခြင်း ကွင်းသရုပ်ပြပွဲဆောင်ရွက်ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့နှင့် မင်းရွာကိုင်းကျေးရွာအုပ်စု၊ ဘူးတောင်းကျေးရွာအုပ်စု၊ ကိုင်းငယ်ကျေးရွာအုပ်စုတို့မှ တောင်သူများ တက်ရောက်ခဲ့ကြသည်။
အဆိုပါကွင်းသရုပ်ပြပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးလင်းက အဖွင့်အမှာစကားပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းကိုက စပါးခင်းတွင် မြေဩဇာအသုံးပြုမည်ဆိုပါက မြေဩဇာအမျိုးအစားအလိုက် အသုံးပြုရမည့် ကာလအပိုင်းအခြားများနှင့် အသုံးပြုပုံနည်းလမ်းများ၊ စပါးပင်တွင် ဖြစ်ပွားတတ်သော ပိုးမွှားကျရောက်သည့် လက္ခဏာ၊ ရောဂါကျရောက်သည့် လက္ခဏာများနှင့် ထိုသို့ပိုးမွှားကျရောက်ခြင်း၊ ရောဂါကျရောက်ခြင်းများဖြစ်ပွားပါက စိုက်ပျိုးရေးဦးစီးဌာနှင့် ချိတ်ဆက်၍ နည်းပညာများရယူရန် တောင်သူများအား အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
ချင်းကလေး(NRDC)