လှိုင်းဘွဲ စက်တင်ဘာ ၁၉
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကလေးသူငယ်များအနေဖြင့် ရရှိရထိုက်သော အခွင့်အရေးများကို ပြည့်ဝစွာရရှိနိုင်ရန်အတွက် မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီနှင့် အမျိုးသမီးကော်မတီတို့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ ၁၉ ရက်နေ့ မွန်းလွဲ(၂)နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီနှင့် အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းလင်းအောင်က လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကလေးသူငယ်များ ရရှိရထိုက်သော အခွင့်အရေးများကို ရရှိစေရန်အတွက် ဌာနဆိုင်ရာများ၊ လူမှုအဖွဲ့အစည်းများနှင့်တာဝန်ရှိသူများ ပူးပေါင်း ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း၊ ကော်မတီအဖွဲ့ဝင်များအနေဖြင့် မိမိ၏လုပ်ငန်းများကို စဉ်ဆက်မပြတ် ကြိုးစားဆောင်ရွက်ကြဖို့ လိုအပ်ကြောင်းပြောကြားခဲ့ပြီး မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီနှင့်အမျိုးသမီးကော်မတီ အတွင်းရေးမှူး၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးမှူး ဦးစိုင်းရန်နောင်က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပါပြဌာန်းချက်များနှင့် အမျိုးသမီးကော်မတီဖြစ်ပေါ်လာပုံ နောက်ခံသမိုင်းကြောင်းတို့ကို Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသောဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီနှင့်အမျိုးသမီးကော်မတီအဖွဲ့ဝင်များ၊ လူမှုအဖွဲ့အစည်းများ၊ ရပ်ကွက်၊ ကျေးရွာများမှ တာဝန်ရှိသူတို့က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဆောင်ရွက်နေသည့်လုပ်ငန်းများ၊ ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ပူးပေါင်းဆောင်ရွက်ရမည့်အဖွဲ့အစည်းများကို အသီးသီးဆွေးနွေးတင်ပြခဲ့ပြီး လှိုင်းဘွဲမြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီနှင့် အမျိုးသမီးကော်မတီဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
စောဒိ(ပြန်/ဆက်)