မိုးညိုမြို့နယ်၌ ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးအသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်

မိုးညို စက်တင်ဘာ ၁၉

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် ကျန်းမာရေးဦးစီးဌာနရုံးဝင်းအတွင်းရှိ မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာကျော်မိုး ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးအသိပညာပေးခြင်း လုပ်ငန်းများကို ယမန်နေ့ နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ကျန်းမာရေးဆရာမကြီး ဒေါ်နွဲ့နွဲ့ဝင်းက ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် အာဟာရပြည့်ဝစွာ စားသုံးတတ်စေရေး၊ ကျန်းမာရေးဌာနများမှပေးသော ကိုယ်ဝန်ဆောင်အားဆေးများကို စနစ်တကျသောက်သုံးစေရေး၊ ပုံမှန်ကျန်းမာရေးစစ်ဆေးမှုများ ခံယူစေရေးတို့ကို မှာကြားပြီး ကျန်းမာရေးဆရာမ ဒေါ်နှင်းရည်ဝေက သွားကျန်းမာ‌ရေးနှင့် ပတ်သက်သည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ကိုယ်ဝန်ဆောင်မိခင် (၂၀) ဦးအား ကျန်းမာရေးစစ်‌ဆေး၍ ကိုယ်ဝန်ဆောင်အားဆေးများ ပေးဝေပြီး "ကိုယ်ဝန်ဆောင်ကာလအာဟာရပြည့်ပြည့်ဝဝ စားကြစို့" ပညာပေး Video အား ပြသ၍ အသိပညာမြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုမင်း (ပြန်/ဆက်)