ညောင်လေးပင်မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနခန်းမ၌ အသိပညာပေး ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲများကျင်းပ

ညောင်လေးပင် စက်တင်ဘာ ၁၉

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရေးတို့အတွက် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲများကို ယမန်နေ့မွန်းလွဲ (၁၃) နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညောင်လေးပင်မြို့နယ်ရုံးမှဦးစီးအရာရှိ ဒေါ်နီနီဝင်းက အသိပညာပေးဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် ကလေးအလုပ်သမားအကြောင်းတို့ကို ဟောပြောခဲ့သည်။

ဆက်လက်၍  ပြိုင်ပွဲများကျင်းပရခြင်း ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားခဲ့ပြီး ပြိုင်ပွဲများ ကျင်းပခဲ့ရာ ပုံပြင်ပြောပြိုင်ပွဲတွင် အခြေခံ ပညာမူလတန်း(လွန်) အာဇာနည်လမ်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက  ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများသည် ပြည်သူ့စာကြည့်တိုက်အတွင်း ပြသထားသော ကလေးအလုပ်သမားများအကြောင်း အသိပညာပေးနံရံကပ်စာစောင်နှင့် သုတ/ရသ စာအုပ်/စာစောင်များအား စိတ်ဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)