ခန္တီး စက်တင်ဘာ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ဗလငါးတန်ဖွံ့ဖြိုးသည့် လူငယ်များဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ခန္တီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို အခြေခံပညာမူလတန်းလွန်ကျောင်း(ပေါမိုင်း)၌ ယမန်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခန္တီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သန်းထိုက်အောင်က အသက်အရွယ်အပိုင်းအခြားအလိုက် ရွေးချယ်ဖတ်ရှုသင့်သည့် စာအုပ် အမျိုးအစားများအကြောင်းကိုလည်းကောင်း၊ စာအုပ်စာပေလေ့လာဖတ်ရှုခြင်းမှ ရရှိလာမည့် အကျိုးကျေးဇူးများအကြောင်းကိုလည်းကောင်း၊ ရုပ်သံကျွမ်းကျင်-၃(အင်အားပြ) အငယ်တန်းစာရေး ဦးအောင်လွင်ဦးက “လူငယ်နှင့်စာပေ” ခေါင်းစဉ်ဖြင့်လည်းကောင်း ရှင်းလင်းပြောကြား ခဲ့ကြသည်။
ထို့နောက် သုတ၊ ရသ စာအုပ်စာစောင်များ၊ မူးယစ်ဆေးဝါးများ၏ ဆိုးကျိုးအန္တရာယ် အသိပညာပေး ပိုစတာများအား ခင်းကျင်းပြသရာ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူလေးများက စိတ်ဝင်တစား ကြည့်ရှုခဲ့ကြောင်း သိရသည်။
ကမ်းကီး(ပြန်/ဆက်)