ကဝ စက်တင်ဘာ ၁၉
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စက်တင်ဘာ ၁၇ ရက် နံနက်(၁၀)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(ရစ်ကံကြီး)၌ လူငယ်စကားဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်း(ရစ်ကံကြီး)မှ ကျောင်းအုပ်ဆရာကြီးဦးတင်မင်းထိုက်က ကျေးဇူးတင်စကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းဝင်းက လူငယ်များအသိပညာပိုမိုတိုးတက်လာစေရန်၊ ပရိသတ်ရှေ့တွင် ပြောရဲဆိုရဲသည့်သတ္တိများ ရှိလာစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းဝင်းက ဦးဆောင်ဆွေးနွေးကာ Grade(11) နှင့် Grade(12)မှ ကျောင်းသား၊ ကျောင်းသူများက လူငယ်နှင့်ပညာ၏တန်ဖိုး၊ လူငယ်နှင့်အနာဂတ်၊ လူငယ်နှင့်ယဉ်ကျေးမှု၊ လူငယ်နှင့်ကျန်းမာရေး စသည့် ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးသွားခဲ့ကြပြီး တက်ရောက်လာသော ကျောင်းသား/ကျောင်းသူများက မိမိတို့သိရှိလိုသည့်အကြောင်းအရာများကို ခေါင်းစဉ်အလိုက်မေးမြန်းခဲ့ရာ သက်ဆိုင်ရာခေါင်းစဉ်အလိုက် ဆွေးနွေးသူများက ပြန်လည်ဖြေကြားခဲ့သည်။
အဆိုပါလူငယ်စကားဝိုင်းသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူ (၁၅၀)ဦးတို့တက်ရောက်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော အသိပညာပေးနံရံကပ်စာစောင်များနှင့် စာအုပ်/စာစောင်များအား ခင်းကျင်းပြသထားရာ ကျောင်းသား/ ကျောင်းသူများမှ စိတ်ဝင်စားစွာလေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ရဲဇော်ဟိန်း (ပြန်/ဆက်)