ပေါင်းတည် စက်တင်ဘာ ၁၉
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နေ့လယ်ပိုင်းက ညောင်ဖြူကျေးရွာ၊ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါဟောပြောပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် Book Club (စာပေချစ်သူများအဖွဲ့)တို့ ပူးပေါင်းကျင်းပခဲ့ပြီး ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အသိပညာဗဟုသုတတိုးတက်မြင့်မားစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်နိုင်စေရေးတို့အတွက် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
ထိုအသိပညာပေးဟောပြောပွဲတွင် အခြေခံပညာဦးစီးဌာန၊ မြို့နယ်ပညာရေးမှူးကိုယ်စား လက်ထောက်ပညာရေးမှူး ဦးရန်နိုင်ထွန်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အေးဆုစံနှင့် စာပေချစ်သူများအဖွဲ့ဥက္ကဋ္ဌ အငြိမ်းစားအထက်တန်းကျောင်းအုပ်ဆရာကြီး ဦးစိန်မောင်နှင့်အဖွဲ့ဝင်များက စာပေကျေးဇူး၊ လူငယ်နှင့်မူးယစ်ဆေး၊ လူငယ်နှင့်ဖုန်းသုံးစွဲမှုအန္တရာယ်၊ လူကုန်ကူးမှုနှင့် အွန်လိုင်းငွေကြေးလိမ်လည်မှုအန္တရာယ်နှင့် ကျောင်းကျန်းမာရေးခေါင်းစဉ်များဖြင့် အသီးသီးဟောပြောဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ရွှေသား (IPRD)