နတ်မောက်မြို့၌ စာပေချစ်မြတ်နိုးသူများဖြင့် ပူးပေါင်း၍ စာဖတ်ဝိုင်းကျင်းပ

နတ်မောက် စက်တင်ဘာ ၁၉

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူအသင်း ( Book Club) တို့ပူးပေါင်း၍  ဒေါက်တာရဲနိုင်ရေးသားသည့် “လူဆိုတဲ့လူ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၉ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community centre) ခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က လူငယ်များ စာပေလေ့လာဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတဖွံ့ဖြိုးတိုးတက်စေရန်၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစရေန် ရည်ရွယ်၍ စာဖတ်ဝိုင်းပြုလုပ်ရခြင်းဖြစ်ကြောင်းနှင့်  စာအုပ်စာပေများအား စဉ်ဆက် မပြတ်လေ့လာဖတ်ရှုကြရန်လိုကြောင်း၊ စာအုပ်စာစောင်များ လေ့လာဖတ်ရှုခြင်းကြောင့် ရရှိနိုင်သော အကျိုးကျေးဇူးများအား ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ဒေါ်သင်းသင်းဝေ(ဒု-ဦးစီးမှူး ) က ဒေါက်တာ ရဲနိုင် ရေးသားသည့်  “လူဆိုတဲ့လူ” စာအုပ်ပါအကြောင်းအရာများကို ဆွေးနွေးရာတွင် လူဆိုတာဟာ ပညာရေး သတ္တဝါဖြစ်တဲ့အတွက် သင်ကြားခြင်း၊ သင်ယူခြင်းသည် လူသားတွေရရှိထားတဲ့ အမွန်မြတ်ဆုံး ဆုလာဘ်ကြီးဖြစ်ပါကြောင်း၊ သဘာဝတရားက လက်ဆောင်အဖြစ်ပေးလိုက်တဲ့ အတွေ့အကြုံအရ ကြိုက်တာကို ရွေးချယ်ရှာဖွေပြီး မကြိုက်တာကို ရှောင်ကြဉ်ဖို့ အသိတရားများရှိဖို့ လိုအပ်ပါကြောင်း၊  ငယ်စဉ်အခါက ပညာသင်ကြားဖို့ ပျက်ကွက်ခဲ့သူဟာ အတိတ်ကာလကို ဆုံးရှုံးခဲ့ပြီး အနာဂတ်အတွက် သေဆုံးသူဖြစ်နေတဲ့အတွက်ကြောင့် ယနေ့လူငယ်များအနေဖြင့် ကျောင်းစာများကို ကြိုးစားအားထုတ်လေ့လာသင်ယူကြစေလိုကြောင်း ဆွေးနွေးပြောကြားသည်။ အဆိုပါ စာဖတ်ဝိုင်းသို့ စာအုပ်စာစောင် ချစ်မြတ်နိုးသူအသင်း (Book Club) အဖွဲ့ဝင်များ၊ ကျောင်းသား/သူ များနှင့် မြို့နယ်ပြန်/ဆက်မှ ဦးစီအရာရှိနင့် ဝန်ထမ်းများ တက်ရောက်ခဲ့သည်။

မူမူစန်း