တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများနှင့်ကိုယ့်အား ကိုယ်ကိုး မူလတန်းကြိုကျောင်းများအားနှစ်စဉ်ကြေး ငွေကျပ် ၁၅၆ ဒသမ ၅၈ သန်းပေးအပ်

ထားဝယ်        စက်တင်ဘာ  ၁၈

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ နှင့် ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများအား နှစ်စဉ်ကြေးငွေများပေးအပ်ခြင်း အခမ်းအနားကို စက်တင်ဘာ ၁၇ ရက် နံနက် ၈ နာရီခွဲက ထားဝယ် မြို့တော်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော နိုင်ငံသူ၊ နိုင်ငံသားများ၏လူမှုဘဝ သာယာဝပြောရေး အတွက်မူဝါဒများ၊ ဥပဒေ၊နည်းဥပဒေများချမှတ်၍ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကိုအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး လူမှုရေး လိုအပ်ချက်အပေါ်မူတည်၍ မူလတန်းကြိုကျောင်းများ၊ ကလေးပြုစုရေးဌာနများ၊ လူငယ်နှင့် အမျိုးသမီးသင်တန်းကျောင်းများကိုဖွင့်လှစ်၍ ကလေးသူငယ်များ၊ အမျိုးသမီးများ၊ မသန်စွမ်း သူများနှင့် သက်ကြီးရွယ်အိုများအစရှိသည့်ထိခိုက်လွယ်အုပ်စုများကို အဓိကထား ပြုစု စောင့်ရှောက်ပေးလျက်ရှိကြောင်း၊ ယခုလို စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၏ လူမှုရေးတာဝန်သိတတ်မှုနှင့် စိတ်ဓာတ်ကို အသိအမှတ်ပြုဂုဏ်ပြုသည့်အနေဖြင့် ဂေဟာ/ရိပ်သာများတွင် စောင့်ရှောက်ထားသူများ၏ လိုအပ်ချက်များကိုတစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်ရည်ရွယ်၍ သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ နှစ်စဉ်နှစ်တိုင်း နှစ်စဉ်ကြေးများ ပေးအပ်ရခြင်းဖြစ်ကြောင်း၊  တိုင်းဒေသကြီးအတွင်း လူမှုဝန်ထမ်းဦးစီးဌာနမှ တည်ထောင်ခွင့်ပြုမိန့် ရရှိပြီးသည့်  လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ လေးခု၊ အမျိုးသမီးဂေဟာနှစ်ခု၊ ဘိုးဘွားရိပ်သာသုံးခု၊ စေတနာမူလတန်း ညကျောင်းတစ်ကျောင်းနှင့် လူငယ့်ရိပ်သာတစ်ခုတို့အတွက် ထောက်ပံ့ ငွေကျပ် သန်း ၈၉ ဒသမ ၈၀ နှင့် ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း ၆၃ ကျောင်းသို့ ထောက်ပံ့ ငွေကျပ်သန်း ၆၆ ဒသမ ၇၈၀ ၊ စုစုပေါင်းနှစ်စဉ်ကြေး ငွေကျပ် ၁၅၆ ဒသမ ၅၈ သန်းအား ၂၀၂၅-၂၀၂၆ခု ဘဏ္ဍာရေး နှစ်အတွက် လူမှုဝန်ထမ်းဦးစီးဌာနမှ ပေးအပ်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက ထားဝယ်ခရိုင်ရှိ ပခုက္ကူပရဟိတဂေဟာတွင် လက်ခံစောင့်ရှောက်ထားသည့် ကလေး ၁၇၄ဦးအတွက် ဆန်၊ စားစရိတ်၊ ဝတ်စရိတ်၊ ဂေဟာမှူး လစာ တစ်နှစ်စာနှစ်စဉ်ကြေး စုစုပေါင်း ငွေကျပ် ၂၅၉၃၈၀၀၀၊ ဇေယျဘုမ္မိပရဟိတ ဂေဟာတွင် လက်ခံစောင့်ရှောက်ထားသည့် ကလေး(၁၁၆)ဦး အတွက် ဆန်၊ စားစရိတ်၊ ဝတ်စရိတ်၊ ဂေဟာမှူး လစာ တစ်နှစ်စာနှစ်စဉ်ကြေး စုစုပေါင်း ငွေကျပ် ၁၇၄၁၂၀၀၀ ၊ လေးထပ်ကျောင်း ပရဟိတဂေဟာတွင် လက်ခံစောင့်ရှောက်ထားသည့် ကလေး ၁၁၁ဦးအတွက် ဆန်၊ စားစရိတ်၊ ဝတ်စရိတ်၊ ဂေဟာမှူး လစာတစ်နှစ်စာနှစ်စဉ်ကြေး စုစုပေါင်း ငွေကျပ် ၁၆၆၇၇၀၀၀၊ မိဘမဲ့ အမျိုးသမီးပရဟိတဂေဟာတွင် လက်ခံစောင့်ရှောက်ထားသည့် ကလေး(၉၂)ဦးအတွက် ဆန်ဖိုးတစ်နှစ်စာအတွက် စုစုပေါင်း ငွေကျပ် ၄၉၆၈၀၀၀ ကို ပေးအပ်သည်။

ဆက်လက်၍ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးက တိုင်းဒေသကြီး အတွင်းရှိ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း၊ တစ်ကျောင်းလျှင် တစ်နှစ်စာ နှစ်စဉ်ကြေး ငွေကျပ် ၁၆၀၀၀၀ နှုန်းဖြင့်(၆၃)ကျောင်းအတွက်  စုစုပေါင်း ငွေကျပ် ၆၆၇၈၀၀၀၀၊ စေတနာညကျောင်းနှင့် လူငယ်ရိပ်သာအားတစ်နှစ်စာနှစ်စဉ်ကြေး ငွေကျပ် ၃၈၅၀၀၀ ၊ ဘိုးဘွား ရိပ်သာသုံးခုမှ ဘိုးဘွားခုနစ်ဦးအတွက် တစ်နှစ်စာနှစ်စဉ်ကြေး  စုစုပေါင်း ငွေကျပ် ၁၁၆၇၀၀၀ ကို ပေးအပ်သည်။

ဆက်လက်၍ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးဦးသက်နိုင်က မြိတ်ခရိုင်ရှိ ဗုဒ္ဓဘာသာမိဘမဲ့ မိန်းကလေးဂေဟာရှိ ကလေး(၃၅)ဦးအတွက် ဆန်၊ စားစရိတ်၊ ဝတ်စရိတ်၊ ဂေဟာမှူး လစာတို့အတွက် တစ်နှစ်စာနှစ်စဉ်ကြေး  စုစုပေါင်း ငွေကျပ် ၅၅၅၀၀၀၀၊  ကော့သောင်းခရိုင်ရှိ ရွှေတောင်ဦးလူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာရှိ ကလေး၁၆၂ဦးတို့အတွက် ဆန်ဖိုးတစ်နှစ်စာအတွက် ငွေကျပ် ၈၇၄၈၀၀၀ ကို ပေးအပ်ပြီး ပရဟိတဂေဟာများ စေတနာညကျောင်းနှင့် လူငယ်ရိပ်သာ၊ ဘိုးဘွားရိပ်သာများနှင့် ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများကိုယ်စား ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း  သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)