အ.လ.က(ကွင်းကြီး)ကျောင်း၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ

ကျောင်းကုန်း စက်တင်ဘာ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ကွင်းကြီးကျေးရွာ အ‌ခြေခံပညာအလယ်တန်းကျောင်း၌လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် အ.လ.က(ကွင်းကြီး)ကျောင်းအုပ်ဆရာကြီး ဦးမင်းမော်မြင့်က အဖွင့်အမှာ စကားပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်လှိုင်ပို့ပို့ဇင်က မီးခိုးမြူငွေ့ဆိုင်ရာ အသိပညာပေးဟောပြောခဲ့သည်။ ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူး ဦးထွန်းထွန်းဝင်းက အားကစားနှင့်အခွင့်အလမ်းအကြောင်း၊ အားကစားတစ်ခုခု ပြုလုပ်ကြဖို့ တိုက်တွန်းပြောကြားခဲ့သည်။

ထို့နောက် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးတင်ကိုက ကုန်စည်များနှင့်စပ်လျဥ်း၍ ရွေးချယ်ဝယ်ယူအသုံးပြုရာတွင် သတိပြုရမည့် ကုန်ညွှန်းအမှတ်အသားဖော်ပြ ခြင်း အား ရှင်းလင်းပြောကြားခဲ့ပြီး၊ အားကစားမှူး ဦးထွန်းထွန်းဝင်းက ဘောလုံး(၁)လုံးပေးအပ်ရာ ကျောင်းအုပ်ဆရာကြီးက လက်ခံရယူခဲ့သည်။

အခမ်းအနားအပြီးတွင် ကျောင်းသား/သူများ ဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ/ရသစာအုပ် များဖတ်ရှုစေခဲ့ပြီး၊ “ကလေးအလုပ်သမားပပျောက်ရေး”၊ “မီးခိုးမြူငွေ့အန္တရာယ်ဝိုင်းဝန်း စုပေါင်းတို့ကာကွယ်”၊ “ပတ်ဝန်းကျင်သာယာဖို့ စနစ်တကျအမှိုက်စွန့်ပစ်ကြပါစို့” စသည့် သိကောင်းစရာ နံရံကပ်စာစောင်များ ပြသပေးခဲ့ကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)