ပန်းတနော်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း(အင်းမ)၌ စာဖတ်ရှိန်မြှင့်တင်ရေး “လူငယ်စကားဝိုင်း” ကျင်းပ

ပန်းတနော် စက်တင်ဘာ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် လူငယ်များဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတ တိုးပွားလာစေရန်၊ ကိုယ်ရည်ကိုယ်သွေးများနှင့် နှုတ်မှုစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရန် စဉ်းစားတွေးခေါ်မှုစွမ်းရည်များ ရင့်သန်လာစေရန်နှင့် ကိုယ်ကျင့် တရားကောင်းမွန်သည့် လူတော်လူကောင်းများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် “လူငယ်စကားဝိုင်း”ကို ယနေ့နံနက် ၁၀ နာရီအချိန်က အင်းမ ကျေးရွာ အခြေခံပညာအထက်တန်း ကျောင်း (အင်းမ)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးကိုကိုမောင်က လူငယ်စကားဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီးနောက် “လူငယ်စကားဝိုင်း” စတင်ကျင်းပခဲ့သည်။

“လူငယ်စကားဝိုင်း”တွင် ဦးဆောင်ဆွေးနွေးသူများအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကိုကိုမောင်၊စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးအောင်ကျော်သက်နှင့် အခြေခံပညာအထက်တန်းကျောင်း (အင်းမ)မှ ကျောင်းသား၊ ကျောင်းသူများ(၄)ဦးတို့က ဆောင်ရွက်ကာ မောင်ဝနထွန်းက လူငယ်နှင့်ပညာရေးခေါင်းစဉ်ဖြင့် လည်းကောင်း၊ မောင်မင်းမင်းထက်က လူငယ်နှင့်စာဖတ်ခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မနှင်းဝတ်ရည်က လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့်လည်းကောင်း၊ မသံသာမိုးသိမ့်က လူငယ်နှင့် ကျန်းမာရေးစသည့်ခေါင်းစဉ်များဖြင့် အပြန်အလှန်ဆွေးနွေးကြပြီး ဆွေးနွေးချက်များအပေါ် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များကို ပြန်လည်၍ ဆွေးနွေးခဲ့ကြရာ ဦးဆောင်ဆွေးနွေးသူများ ကျောင်းသား/ကျောင်းသူများ(၄)ဦးတို့က ကဏ္ဍအလိုက် ပြန်လည်ဖြေကြားခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် နံရံကပ်စာစောင်များနှင့် စာအုပ်ပြပွဲများအား ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

အဆိုပါကျင်းပသည့် လူငယ်စကားဝိုင်းဆွေးနွေးပွဲ အခမ်းအနားသို့ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ၊ အ.ထ.က(အင်းမ)ကျောင်းတို့မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ (၃၂၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)