မင်းလှမြို့နယ် မူလတန်းကြိုကျောင်း၌ ကျောင်းတွင်း ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

အထက်မင်းလှ စက်တင်ဘာ ၁၈

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနကကြီးမှူး၍ ကလေးသူငယ်များ ဉာဏ်ရည်၊ ဉာဏ်သွေး ထက်မြက်လာစေရန်၊ လူအများရှေ့တွင် ရဲရင့်စွာပြောဆိုတတ်စေရန်၊ စည်းလုံးညီညွတ်မှုရှိစေရန်ရည်ရွယ်၍ ကျောင်းတွင်းဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့ နံနက် ၉ နာရီက မင်းလှမြို့ မူလတန်းကြိုကျောင်း၌ ကျင်းပခဲ့သည်။

ပြိုင်ပွဲတွင် သားငယ်၊ သမီးငယ်များက တစ်ဦးချင်းယှဉ်ပြိုင်မှု အနေဖြင့်  သီတင်းကျွတ်တဲ့ လကဗျာ၊ သကြားလုံးကဗျာ၊ Dieky Bird ကဗျာ၊ ယုန်နဲ့လိပ်ကဗျာ၊ Eat well drink well သီချင်းနှင့် ရွှေလက်ငွေလက် ကဗျာတို့ဖြင့် ယှဉ်ပြိုင်ကြပြီး အဖွဲ့လိုက်ယှဉ်ပြိုင်မှုအနေဖြင့် မြေကြီးကိုတူးကာ ယက်ကဗျာ၊ ကပွဲကဗျာခေါင်းစဉ်များဖြင့် ပါဝင်ယှဉ်ပြိုင်ကြသည်။

အဆိုပါ အခမ်းအနားတွင် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ငယ်ငယ်အောင်နှင့် အဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီး ဌာနမှ ဦးစီးအရာရှိ ဒေါ်မေဝင်းမောင်နှင့် မင်းလှမူလတန်းကြိုကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်အိဖြိုးမွန်နှင့် ဆရာမများက ဆုရရှိသည့် သားငယ်၊ သမီးငယ်များအား ဆုများအသီးသီးချီးမြှင့်ခဲ့ပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရသည်။

ဝင်းမြတ်(အထက်မင်းလှ)