ပန်းတနော်မြို့နယ် အ.ထ.က(ခွဲ)ပသွယ်ကျောင်း၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ အခမ်းအနား ကျင်းပ

ပန်းတနော် စက်တင်ဘာ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲအခမ်းအနားကို ယနေ့မွန်းလွဲ (၁) နာရီအချိန်က အ.ထ.က(ခွဲ)ပသွယ်ကျောင်းဝန်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကိုကိုမောင်က လူငယ်ရေးရာ ဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားကာ လူငယ်နှင့်စာပေခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာဖတ်ခြင်းအကျိုးကျေးဇူးများအကြောင်းကို အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့သည်။

ဆက်လက်၍ ပန်းတနော်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးအောင်ကျော်သက်က စားသုံးသူအကာအကွယ်ပေးရေး ဥပဒေများ၊ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့် အစားအသောက်များတွင် ပါဝင်သော ဆိုးဆေးများ၊ တာရှည်ခံ ဖော်မလင်ပါဝင်နိုင်သော အစားအသောက်များနှင့် ဓာတုပိုးသတ်ဆေး ဓာတ်ကြွင်းများ ပါဝင်သော သီးနှံအန္တရာယ်များကို ရှင်းလင်းပြောကြားခဲ့ပြီး အစားအစာဘေးအန္တရာယ်ကင်ရှင်းရေး ကုန်အညွှန်း အမှတ်သားပါ အစာအစာများ စာသုံးရေး၊ စားသုံးသူပြည်သူများ နစ်နာဆုံးရှုံးမှုများ မရှိစေရေးဌာနအနေဖြင့် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများကို အသိပညာပေး ဟောပြောခဲ့သည်။

အဆိုပါ‌ လူငယ်ရေးရာဟောပြောပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊  စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ၊ အ.ထ.က(ခွဲ) ပသွယ်ကျောင်းမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်းအင်အား (၂၀၀)ဦးခန့် တက်ရောက်ခဲ့ကြပြီး ဟောပြောပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်း ပြသထားသော စာအုပ်ပြပွဲနှင့် အသိပညာပေး နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)