ဓနုဖြူမြို့နယ်၌ နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေ(၈)ဘီလီယံအစီအစဥ်ဖြင့် ချေးငွေပေးအပ်ပွဲ အခမ်းအနားကျင်းပ

ဓနုဖြူ စက်တင်ဘာ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၌ နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေ(၈) ဘီလီယံအစီအစဥ်ဖြင့် စီမံကိန်းလုပ်ငန်းရှင်များအား ချေးငွေပေးအပ်သည့် အခမ်းအနားကို ယနေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးလွင်က ဒေသတွင်းရှိပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စီမံကိန်းလုပ်ငန်းရှင်များအား ချေးငွေများပေးအပ်ခဲ့ပြီး၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်နှင့်အညီ ယခုမတည်ထောက်ပံ့ငွေများဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အသေးစားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြရန်ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်နိုင်ငံ့စီးပွားရေးမြှင့်တင်ရေးရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်ဇော်မြင့်က နိုင်ငံစီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများ ဆက်လက်ကြီးကြပ်ခြင်း၊ ရန်ပုံငွေများ ဆုံးရှုံးမှုမရှိစေရေး ကြီးကြပ်ရေးကော်မတီဝင်များနှင့် ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးလွင်နှင့်အဖွဲ့ဝင်များက မြို့နယ်အတွင်းရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ(၈)ဘီလီယံဖြင့် ချေးငွေရယူဆောင်ရွက်မည့်လုပ်ငန်းရှင်များအား စိုက်ပျိုးရေးကဏ္ဍအတွက် ကျပ်(၇၂)သန်း၊ မွေးမြူရေးကဏ္ဍအတွက် ကျပ် (၁၅၃) သန်း၊ အခြားကုန်ထုတ်လုပ်ငန်းအတွက် ကျပ်(၅၀)သန်း၊ စုစုပေါင်း (၂၇၅)သန်းအား ချေးငွေ‌ပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်ပြည့်ဖြိုးဇော်