ဖျာပုံမြို့နယ် အ-ထ-က (ဖျာပုံတမံ)ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး “လူငယ်စကားဝိုင်း”ကျင်းပ

ဖျာပုံ စက်တင်ဘာ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတ တိုးပွားစေရန်၊ နှုတ်မှုစွမ်းရည်ထက်မြတ်စေရန်၊ လူငယ်အချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ ကိုယ်ကျင့်တရားကောင်းမွန်သည့် လူတော်၊ လူကောင်းများ ဖြစ်လာစေရန်၊ စာ​ပေဖတ်ရှုတတ်သည့် အလေ့အကျင့်ကောင်းများ ဖြစ်လာစေရန်၊ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် ဘက်စုံထူးချွန်ထက်မြက်သော အနာဂတ် လူငယ် လူရွယ်များပေါ်ထွက်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေး “လူငယ်စကားဝိုင်း” ဆွေးနွေးပွဲကို ​ ​ယမန်နေ့နံနက်ပိုင်းအချိန်က ဖျာပုံမြို့ နယ် အ-ထ-က (ဖျာပုံတမံ) ကျောင်းခန်းမ ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းပြုလုပ်ရာတွင် အ-ထ-က(ဖျာပုံတမံ) ကျောင်းအုပ်ဆရာမ ဒေါ်ဝင်းဝင်းသန်းက အဖွင့်အမှာစကားပြောကြားပြီးဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဝင်းကျော်ကျော်က လူငယ် စကားဝိုင်း ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။

ထို့နောက် “လူငယ်စကားဝိုင်း”ကို ကျင်းပရာ ဦးဆောင်ဆွေးနွေးသူများအဖြစ် ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဝင်းကျော်ကျော်နှင့်အတူ အထက(ဖျာပုံတမံ) ကျောင်းမှ Grade (11) မှ မဝင်းကေသွယ်က “ကျောင်းသားနှင့် ကိုယ်ကျင့်တရား”၊ မသွယ်ထက်ဇင်က “ကျောင်းသားနှင့်စာအုပ်စာပေ”၊ Grade (10)မှ မောင်ညီဝဏ္ဏကျော်က “အချိန်၏တန်ဖိုး”၊မောင်စန်းလင်းက “ကျောင်းသားနှင့်စာအုပ်စာပေ”စသည့်ခေါင်းစဥ်တို့ကို တစ်ဦးချင်းအလိုက် ဆွေးနွေးပြောကြားပြီး တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်ကို မေးမြန်းကြရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြား ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်း ပြသထားသော စာအုပ်စာစောင်နှင့် ကလေးအလုပ်သမားပပျောက်ရေး၊ မီးခိုးမြူငွေ့အန္တရာယ်ဝိုင်းဝန်းစုပေါင်း ဒို့ကာကွယ်နံရံကပ်စာစောင်များပြသမှုများအား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြပြီး အဆိုပါလူငယ်စကားဝိုင်းသို့ ဖျာပုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ (၂၅၀)ဦးကျော် တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

အောင်ဝင်းနိုင်