ဟားခါး စက်တင်ဘာ ၁၈
မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီခွဲတွင် ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်း အဝေးခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ချင်းပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီဝင်များနှင့် ပုဂ္ဂလိကကဏ္ဍမှ လုပ်ငန်းရှင်များ တက်ရောက်ကြကြောင်း သိရသည်။
ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ချင်းပြည်နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်း ရှင်များအနေဖြင့် ကုမ္ပဏီဖွဲ့စည်းတည်ထောင်ပြီး စီးပွားရေးလုပ်ကိုင်ဆောင်ရွက်ကြရာတွင် သိရှိထား သင့်သည့် အခြေခံအကြောင်းအရာများနှင့် သဘောတရားများ သိရှိနားလည်လာစေရန် ယခုကဲ့သို့ အသိပညာပေးဆွေးနွေးပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ ချင်းပြည်နယ်အတွင်းရှိ ဖွဲ့စည်းထားသည့် ကုမ္ပဏီများအနက် အများစုသည် တင်ဒါလုပ်ငန်းမှာ ဝင်ရောက်ယှဉ်ပြိုင်ရန် ဖွဲ့စည်းထားခြင်းဖြစ်ပြီး အနည်းစုကသာ အခြားလုပ်ငန်းများ ဆောင်ရွက်နေကြသည်ကိုတွေ့ရှိရကြောင်း ၊ ထို့အတူ ကုမ္ပဏီ၏ သဘောတရားနှင့် လိုက်နာရမည့် အခြေခံအချက်များ သိရှိနားလည်မှု အားနည်းနေသေးသည်ကို တွေ့ရှိရပါကြောင်း ၊ ထို့ကြောင့် ယနေ့ကျင်းပပြုလုပ်သည့် အသိပညာပေးဆွေးနွေးပွဲသို့ တက်ရောက် လာကြသည့်လုပ်ငန်းရှင်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက ရှင်းလင်း တင်ပြမှုများကို ဂရုတစိုက် နားထောင်ပြီး ထပ်မံသိရှိလိုသည့်အချက်များရှိပါက ရင်းနှီးပွင့်လင်းစွာ မေးမြန်းကြစေလိုကြောင်းဖြင့် အမှာစကားပြောကြားသည်။
ထို့နောက် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးထွန်းတောက်အောင်က မြန်မာနိုင်ငံကုမ္ပဏီများဥပဒေဆိုင်ရာသဘောတရားများ၊ စည်းမျဉ်းစည်းကမ်းများ၊ ကုမ္ပဏီတစ်ခု ဖွဲ့စည်းတည်ထောင်ရာတွင် သိရှိထားသင့်သည့် အခြေခံအကြောင်းအရာများ၊ ကုမ္ပဏီပိုင်ဆိုင်ခြင်းနှင့် စီမံခန့်ခွဲခြင်းဆိုင်ရာသဘောတရားများကို Power Point ဖြင့် အသိပညာပေး ရှင်းလင်းဟောပြောသည်။
ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး၏ ရှင်းလင်းဟောပြော ချက်များအပေါ်ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် လုပ်ငန်းရှင်များက ထပ်မံသိရှိလိုသည်များ ကို မေးမြန်းဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးများနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးတို့က ပြန်လည်ဖြေကြားကြကာ ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)