မြဝတီမြို့တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

မြဝတီ  စက်တင်ဘာ ၁၈

ကျောင်းသားလူငယ်များဗလငါးတန်းဖွံ့ဖြိုးစေရန်ရည်ရွယ်၍ လူငယ်ရေးရာဟောပြောပွဲကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ကရင် ပြည်နယ်၊ မြဝတီခရိုင်အဆင့် ဌာနဆိုင်ရာများပူးပေါင်း၍ ယမန်နေ့နံနက် ၉ နာရီက အမှတ် (၄)၊ အခြေခံပညာအလယ်တန်းကျောင်းနှင့် မွန်းလွဲ ၁ နာရီက မှတ်(၂)အခြေခံပညာအလယ်တန်းကျောင်းတို့တွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးစီးဌာန၊ လက်ထောက်ညွှန်ကြာရေးမှူး ဒေါ်မာမာရီက လူငယ်များဗလငါးတန်ဖွံ့ဖြိုးစေရန်သိရှိလိုက်နာရမည့်အချက်များ၊ အမှားအမှန်ဝေဖန် ပိုင်းခြားတတ်စေရန်နှင့် အသိပညာဗဟုသုတများကြွယ်ဝစေရန် စာအုပ်စာပေများကိုဖတ်ရှုရမည့်နည်းလမ်းများ၊ နိုင်ငံ့တာဝန်ကိုပုခုံးပြောင်းထမ်းဆောင်ကြမည့် မျိုးဆက်သစ်လူငယ်များမှ မိမိလူမျိုး မိမိပတ်ဝန်းကျင်ကို အကျိုးပြုစေရန်အတွက် မျိုးချစ်စိတ်ဓါတ်ရှင်သန်ထက်မြက်စေရေး အကြောင်းအရာများအား လည်းကောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး  ဦးရန်နိုင်ထွန်းက ပတ်ဝန်းကျင်ထိန်းသိမ်းရမည့် နည်းလမ်းများ၊ ဆောင်ရန်ရှောင်ရန်အချက်များ၊ စားသုံးသူရေးရာဦးစီးဌာန၊ ဦးစီးအရာရှိ ဦးမျိုးဝင်းနိုင်က ကျောင်းသားလူငယ်များမှ သတိပြုဆင်ခြင်ရမည့် နေ့စဉ်စားသုံးနေသော ဒိတ်လွန်အစားအစာများ၏ နောက်ဆက်တွဲဆိုးကျိုးများ၊ မှတ်သားရမည့်အချက်များကို ဟောပြောခဲ့ကြသည်။

ဆက်လက်ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနဒုတိယဦးစီးမှူး ဦးလင်းထက်အောင်က စွန့်ပစ်အမှိုက်များခွဲခြားကာ အရောင်အလိုက်ခွဲခြားထားသည့်အမှိုက်ပုံးများထဲသို့ အမှိုက်များအားစွန့်ပစ်ရမည့် နည်းလမ်းများကိုသရုပ်ပြသ၍ ကျောင်းသား၊ ကျောင်းသူ (၄) ဦးက စွန့်ပစ်အမှိုက်များခွဲခြားကာလက်တွေ့ဆောင်ရွက်ခဲ့ကြပြီး ကလေးအလုပ်သမားဆိုင်ရာလက်ကမ်းစာစောင်များ၊ ပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးဆိုင်ရာ လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသည့်စာအုပ်စာစောင်များ၊ နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဆောင်းနှင်းဖြူ(ပြန်/ဆက်)