ရေဦး စက်တင်ဘာ ၁၈
စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ကြီးမှူးပြီး စက်တင်ဘာ ၁၇ ရက်နေ့ နံနက် ၉ နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ဘိုးရာဇာခန်းမတွင် မြန်မာအီလက်ထရောနစ်မဲပေးစက် ကိုင်တွယ်အသုံးပြုနည်း သင်တန်းဖွင့်လှစ်ခဲ့ရာ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် အီလက်ထရောနစ်စက်ကိုင်မည့်သူ စုစုပေါင်းသင်တန်းသား ၇၈ ဦး တက်ရောက်ခဲ့ကြသည်။
သင်တန်းတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းနိုင်ထွန်း တက်ရောက်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အရာရှိ ဒေါ်ဖြူဖြူအောင်က လာမည့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက်အသုံးပြုရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး မြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌက အီလက်ထရောနစ်မဲပေးစက် ကိုင်တွယ်သူအတွက် လုပ်ငန်းစဉ်များ၊ မဲပေးစက်နှင့် ဆက်စပ်ပစ္စည်းများ အကြောင်းနှင့် မဲရုံဖွင့်ချိန်ပိတ်ချိန်၌ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ စက်တပ်ဆင်ကိုင်တွယ်အသုံးပြုနည်းကို သင်ကြားပြသပေးသည်။ ထို့နောက် သင်တန်းသားများအနေဖြင့် အီလက်ထရောနစ်မဲပေးစက်နှင့် ပတ်သက်၍ ကျွမ်းကျင်စွာအသုံးပြုနိုင်စေရန် လက်တွေ့သရုပ်ပြခြင်းများ ပြုလုပ်ခဲ့ကြသည်။
သင်တန်းသို့ ရေဦးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းသူရနှင့် အဖွဲ့၀င်များက လာရောက်ကြည့်ရှုအားပေးကာ သင်တန်းသားများအနေဖြင့် နိုင်ငံ့၀န်ထမ်းများပီပီ တာ၀န်ပေးအပ်လာပါက ထိုတာ၀န်ကို ကျေပွန်စွာထမ်းဆောင်သွားကြရမည်ဖြစ်ပြီး ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး စိတ်ပါ၀င်စားစွာဖြင့် အတူပူပေါင်းပါ၀င်လုပ်ကိုင်ပေးစေလိုကြောင်း မှာကြားခဲ့သည်။
အဆိုပါသင်တန်းမှာ စက်တင်ဘာလ ၁၇ ရက်နေ့မှ ၁၈ ရက်နေ့အထိ (၂) ရက်ကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သန်းသန်း