ရွှေကျင် စက်တင်ဘာ ၁၈
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများအား အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ (၁) နာရီခွဲအချိန်က ဂန့်ဂေါ်ဝိုင်းရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် ပြုလုပ်ကျင်းပခဲ့သည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီး ဦးငြိမ်းသူအောင်က အဖွင့်အမှာစကားပြောကြားပြီး ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်မို့မို့သွင် ရုပ်သံ (ကျွမ်းကျင်-၃)က လူကုန်ကူးမှုခံရသူများနှင့် ပတ်သက်၍ လူကုန်ကူးမှုဖြစ်ပွားစေသော အဓိကအကြောင်းများ၊ လူကုန်ကူးသူများ အသုံးပြုသည့် နည်းလမ်းများ၊ လူကုန်ကူးခံရမှုဖြစ်စဉ်များ၊ လူကုန်ကူးမှုခံရသူများ၏ ခံစားရသည့်ဒုက္ခများ စသည့်အကြောင်းအရာများကို ဟောပြောခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူလေးများအား အသိပညာဗဟုသုတတိုးပွားစေရန် စာပေနှင့်ပတ်သက်သော သိသင့်သိထိုက်သည့် သိကောင်းစရာအသိပညာပေး နံရံကပ်စာစောင်များ၊ သုတ၊ ရသစာအုပ်စာစောင်များအား ပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုကြကြောင်း သိရသည်။
ထွန်းထွန်းဇော် (ပြန်/ဆက်)