အုတ်တွင်းမြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်

အုတ်တွင်း စက်တင်ဘာ ၁၈

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများအား စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကလေးအလုပ်သမားလျော့နည်းပပျောက်ရေး ဝိုင်းဝန်းကာကွယ်စောင့်ရှောက်ပေးစေရန်အတွက် ရည်ရွယ်၍ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြုလုပ်ခဲ့သည်။

အဆိုပါအသိပညာပေးဆောင်ရွက်ရာတွင် ပြန်ကြားနှင့်ပြည်သူ့ဆက်ဆံဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်မူမူဝင်းက ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/ကျောင်းသူများအား စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ စာအုပ်၊ စာစောင်များနှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များ ခင်းကျင်းပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခင်ခင်မာ (ပြန်/ဆက်)