တောင်ငူ စက်တင်ဘာ ၁၈
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ရှေးဟောင်းသမိုင်းဝင် ရွှေဆံတော်စေတီတော်မြတ်ကြီး၊ မန္တလေးငလျင်ကြီးကြောင့် ပျက်စီးခဲ့မှုများကို ပြန်လည်ထိန်သိမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ထီးတော်ရွှေမိုက်ထုတ်လုပ်ရေးနှင့် လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူနိုင်ရေး၊ ရွှေဆိုင်းဝယ်ယူနိုင်ရေး လေလံပွဲအခမ်းအနားကို ယမန်နေ့က ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာ အခမ်းအနားအား “နမောတဿ” (၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး တောင်ငူမြို့၊ သမိုင်းဝင်ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ရွှေမိုက်ထုတ်လုပ်ရေး တင်ဒါကော်မတီ သဘာပတိ ဦးစီးကော်မတီ ဒုတိယဥက္ကဋ္ဌ (၁) တောင်ငူခရိုင်တရားရုံးမှ ခရိုင်တရား သူကြီး၊ ဦးမိုးကြည်မောင်က ရွှေမိုက်လေလံ စနစ်တကျ ဆောင်ရွက်နိုင်ရေး၊ လိုအပ်သည့် ရွှေဆိုင်းဝယ်ယူခြင်း၊ ထီးတော်၊ ငှက်မြတ်နားတော်၊ လုံးတော်ပြည့်မျက်ပါး ရွှေချလုပ်ငန်းနှင့် ပတ်သက်၍ အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် ရွှေဆံတော်စေတီတော်မြတ်ကြီး ဂေါပကအဖွဲ့ဝင်များနှင့် တင်ဒါလျှောက်ထားသူလုပ်ငန်းရှင်များ တစ်ဦးချင်းမိတ်ဆက် စကား ပြောကြားပြီး လေလံပွဲသို့ တက်ရောက်လာသော လုပ်ငန်းရှင်များအား ဘဏ္ဍာတော်ထိန်းဂေါပက ဦးယဥ်ဌေးက လေလံနှင့်ပတ်သက်၍ လုပ်ငန်းစဥ်များကို ရှင်းလင်းတင်ပြပြီး လေလံဦးဆောင်သော သဘာပတိကြီးမှဦးဆောင်၍ လေလံကိစ္စများ စတင်ဆောင်ရွက်ကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို သာဓုခေါ်၍ အခမ်း အနားအား ရုတ်သိမ်းသည်။
အဆိုပါ ထီးတော်ရွှေမိုက်ထုတ်လုပ်ရေးနှင့် လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူနိုင်ရေး၊ ရွှေဆိုင်း ဝယ်ယူနိုင်ရေးလေလံပွဲတွင် ရွှေမိုက်ထုတ်လုပ်ရေးလုပ်ငန်းအတွက် ဦးစောထွန်းအောင်၊ ရွှေသင်္ကန်းကပ်လှူနိုင်ရေးလုပ်ငန်းအတွက် ဦးဌေးလှိုင်နှင့်အဖွဲ့၊ ရွှေဆိုင်းရောင်းချရေး လုပ်ငန်း အတွက် ဒေါ်ပြုံးပပဝင်းနှင့်အဖွဲ့တို့က လေလံရရှိခဲ့ကြောင်း သိရသည်။
ဇော်ကိုကို