မြို့သစ်မြို့နယ်၌ မိုးစပါး(၆၄၂၀၁)ဧက စိုက်ပျိုးပြီးစီး၍ လျာထားဧကထက် ကျော်လွန်စိုက်ပျိုးနိုင်

မြို့သစ် စက်တင်ဘာ ၁၈

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ်အတွက် မိုးစပါးစိုက်ပျိုးရန် (၆၄၁၂၆)ဧကလျာထားရာ (၆၄၂၀၁)ဧကအထိ ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မြို့သစ်မြို့နယ်တွင် တောင်သူများမိုးစပါးစိုက်ပျိုးရာတွင် ရေရရှိရေးအတွက် မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအ‌နေဖြင့် နတ်မောက်ဆည်ရေလှောင်တမံ၊ ပုလင်းဆည်ရေလှောင်တမံ၊ စွန်ဆည်ရေလှောင်တမံ၊ ဆဒ္ဒန်ဆည်ရေလှောင်တမံမှ ရေပေးဝေနိုင်ခဲ့ကြောင်း သိရသည်။

မြို့သစ်မြို့နယ်တွင် မိုးစပါးစိုက်ပျိုးရာသီ၌ ဒေသနှင့်ကိုက်ညီသည့် အထွက်ကောင်းမျိုးကောင်းမျိုးသန့်စပါးမျိုးများ ရွေးချယ်စိုက်ပျိုးနိုင်ရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက ကွင်းဆင်းပညာပေးဆောင်ရွက်ခြင်း၊ စိုက်ပျိုးရာတွင် နည်းစနစ်ကျနစွာ စိုက်ပျိုးနိုင်ရေး၊ မြေဆီမြေဩဇာအချိုးကျမှန်ကန်စွာသုံးစွဲနိုင်ရေးနှင့် လိုအပ်သည့် နည်းပညာများ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သန်းဝင်းထွန်း (ပြန်/ဆက်)