ရွှေတောင်မြို့နယ် အ.ထ.က(ခွဲ) သရက်တောကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

ရွှေတောင် စက်တင်ဘာ ၁၈

ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ ဗလငါးတန်နှင့်ပြည့်စုံရေး၊လူအများရှေ့တွင် ပြောဆိုရဲသည့် သတ္တိရှိစေရန်နှင့် လူငယ်အချင်းချင်း အသိပညာဗဟုသုတများ ဖလှယ်တတ်စေရန်အတွက် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို အ.ထ.က(ခွဲ) သရက်တောကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လူငယ်စကားဝိုင်းဆွေးနွေးပွဲတွင် ရှေးဦးစွာ အ.ထ.က(ခွဲ) သရက်တောကျောင်းမှ ကျောင်းအုပ် ဆရာမကြီး ဒေါ်ခင်သူဇာစိုးက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်က လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များဖြစ်သော ကျောင်းသား၊ ကျောင်းသူလူငယ် မောင်မယ်များ အသိပညာများ တိုးတက်လာစေရန်နှင့် ပရိတ်သတ်ရှေ့တွင် ပြောရဲဆိုရဲ ရှိတတ်စေရန်ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် လူငယ်စကားဝိုင်းဆွေးနွေးပွဲတွင်ပါဝင်သည့် ကျောင်းသား၊ ကျောင်းသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်က ဦးဆောင် မိတ်ဆက်ပေးပြီး၊ ဆွေးနွေးပွဲစတင်ကျင်းပခဲ့ရာ “လူငယ်နှင့်ကျန်းမာရေး” ခေါင်းစဉ်ဖြင့် Grade-8 မှ မဂျွန်သီရိမျိုးမြတ်ကလည်းကောင်း၊ “လူငယ်နှင့်မူးယစ်ဆေး” ခေါင်းစဉ်ဖြင့် Grade-7 မှ မရွှေပန်းချီကလည်းကောင်း၊ “လူငယ်နှင့်အလှအပရေးရာ” ခေါင်းစဉ်ဖြင့် Grade-8 မှ မရှင်မင်းသစ်ကလည်းကောင်း၊ “လူငယ်နှင့်စာဖတ်ခြင်း” ခေါင်းစဉ်ဖြင့် Grade-10 မှ မလေပြေချိုချိုကလည်းကောင်း၊ “လူငယ်နှင့်အားကစား” ခေါင်းစဉ်ဖြင့် Grade-11 မှ မောင်အောင်ပြည့်ကျော်ကလည်းကောင်း၊ “လူငယ်နှင့်အနာဂတ်ကမ္ဘာ” ခေါင်းစဉ်ဖြင့် Grade-9 မှ မောင်စောဝင်းထွဋ်ကလည်းကောင်း အသီးသီး ဦးဆောင်ဆွေးနွေးခဲ့ကြသည်။ ထိုသို့ ဆွေးနွေး ပြောကြားမှု အကြောင်းအရာများအပေါ် သိရှိလိုသည့်မေးခွန်းများကို ကျောင်းသား၊ ကျောင်းသူ လေးများကမေးမြန်းရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားခဲ့သည်။

အဆိုပါ လူငယ်စကားဝိုင်းသို့ အထက်တန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၂၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ကိုကိုမင်း