သဲကုန်း စက်တင်ဘာ ၁၈
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီ အချိန်က စာပေချစ်မြတ်နိုးသူ ဝါသနာရှင်များနှင့် (Youth Club) အဖွဲ့ဝင် ကျောင်းသား/ ကျောင်းသူများ ပူးပေါင်း၍ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားထားသည့် ပျော်ရွှင်နိုင်ပါစေ စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဝင့်နန္ဒာဌေးက စာဖတ်ဝိုင်းပြုလုပ်ရခြင်းကြောင့် စာဖတ်သူများအနေဖြင့် စာရေးဆရာများ၏အတွေ့အကြုံများ၊ အသိပညာ၊ ဗဟုသုတတို့ကို ရရှိသည့်အပြင်အချင်းချင်းရင်းနှီးစွာဖြင့် အတွေးအမြင်များ ဖလှယ်နိုင်ပြီး စာဖတ်ခြင်း၏အကျိုးကျေးဇူးများကိုလည်း ပိုမိုသိရှိနားလည်လာကာ စာဖတ်နှုန်းများ ပိုမိုတိုးတက်လာစေရန်ရည်ရွယ်၍ ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဒုတိယဦးစီးမှူး ဒေါ်ပြည့်ဖြိုးသူက ကျောင်းသား/ ကျောင်းသူများအနေဖြင့် စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်ရှိသော စာအုပ်စာပေများကို ငှားရမ်းဖတ်ရှုနိုင်စေရန်၊ စာပေဖတ်ရှု လေ့လာသော အလေ့အကျင့်ကောင်းများထားရှိရန် ပြောကြားခဲ့သည်။
ဆင်လက်၍ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း(သဲကုန်း)မှ ဦးအောင်ပြည့်စုံက သင့်ရင်ထဲက ပန်းဥယျာဥ်ခေါင်းစဥ်ဖြင့်လည်းကောင်း၊ (Youth Club) အဖွဲ့ဝင် မောင်ဝေဖြိုး အာကာက ဘဝဆိုတာ ကိုယ်ဖန်တီးတဲ့အရာ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်ခန့်စင်ဟိန်းက ပျော်ရွှင်မှုဟာ သင့်လက်ထဲမှာ ခေါင်းစဥ်ဖြင့်လည်းကောင်း၊ မောင်ကောင်းမြတ်ဇော်က ဘဝအောင်မြင်မှု ခေါင်းစဥ်ဖြင့်လည်းကောင်း၊ မမိုးပပဇော်က တစ်ဦးချင်း၏စွမ်းရည်များ ခေါင်းစဥ်ဖြင့်လည်းကောင်း၊ မဖွေးပြည့်စုံသွင်က စိတ်အားထက်သန်သူ ခေါင်းစဥ်ဖြင့်လည်းကောင်း၊ မသူသူဇင်က ရည်မှန်းချက်အောင်မြင်ပါစေ ခေါင်းစဥ်ဖြင့်လည်းကောင်း မိမိတို့ဖတ်ရှုလေ့လာထားသော ခေါင်းစဉ်အသီးသီးများဖြင့်ဆွေးနွေးခဲ့ကြပြီး စာဖတ်ဝိုင်းတက်ရောက်လာသူများမှ မိမိထင်မြင်ယူဆချက်များကို အပြန်အလှန်ဆွေးနွေး တင်ပြခဲ့ကြကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)