မကွေး စက်တင်ဘာ ၁၈
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့တွင် ဒေသအတွင်း ငါးသယံဇာတတိုးပွားလာစေရန်၊ ငါးရိက္ခာဖူလုံမှုရှိစေရန်နှင့် ဒေသရင်းငါးမျိုးစိတ်များ မျိုးသုန်းပျောက်ကွယ်မှုမှ ကာကွယ်ရန်အတွက် ငါးလုပ်ငန်းဦးစီးဌာနမှ ဧရာဝတီမြစ်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့နံနက် (၈) နာရီက နန်းထိုက်သူဟိုတယ်အနီး ဧရာဝတီမြစ်ကမ်းနဘေးတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ နယ်မြေခံတပ်နယ်မှ အရာရှိကြီးများ၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၀င် ၀န်ကြီးများနှင့်ဇနီးများ၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာ၀န်ရှိသူများ တက်ရောက်၍ ဧရာဝတီမြစ်အတွင်း ကြီးထွားမှုနှုန်းမြန်ဆန်သည့် ငါးသားပေါက်များဖြစ်သည့် ငါးမြစ်ချင်းကောင်ရေ နှစ်သိန်းငါးသောင်း၊ ထိုင်းငါးခုံးမကောင်ရေ တစ်သိန်းငါးသောင်း၊ စုစုပေါင်း ငါးမျိုးစိုက်ကောင်ရေ လေးသိန်းအား စိုက်ထည့်ခဲ့ကြသည်။
မကွေးတိုင်းဒေသကြီးအတွင်း ဖမ်းဆီးစားသုံးခြင်းမှ ကုန်ဆုံးသွားသော ငါးများအား ပြန်လည်အစားထိုးရန် ရည်ရွယ်၍ စိုက်ထည့်ခြင်းဖြစ်ကြောင်း၊ ဧရာဝတီမြစ်ကြောင်းတစ်လျှောက် မကွေး၊ ပခုက္ကူ၊ သရက်၊ တောင်တွင်းကြီးမြို့များတွင် စိုက်ထည့်သွားမှာဖြစ်ကြောင်း၊ မြစ်၊ ချောင်း၊ အင်းအိုင်းများ စိုက်ထည့်ပြီးပါက ဆည်၊ တမံများအတွင်းသို့ ငါးမျိုးစိုက်ကောင်ရေ စုစုပေါင်း ဆယ်သိန်း စိုက်ထည့်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း၊ မကွေးတိုင်းဒေသကြီး ငါးလုပ်ငန်း ဦးစီးဌာနထံမှ သိရသည်။
မောင်ခိုင်မင်း(ပြန်ဆက်)