စလင်း စက်တင်ဘာ ၁၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၌ ယခုနှစ် စိုက်ပျိုးရာသီတွင် ချည်မျှင်ရှည် ဝါသီးနှံကို ဧကပေါင်း ၃၁၀၀၀ ကျော် စိုက်ပျိုးထားရှိပြီး ယခင်နှစ်ထက် ဧကပေါင်း ၂၀၀၀ ကျော် ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ခဲ့ကြောင်း စလင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ထိုသို့စိုက်ပျိုးရာတွင် ယခုနှစ် စိုက်ပျိုးရာသီ၌ ဌာနအစီအစဉ်ဖြင့် ချည်မျှင်ရှည်ဝါသီးနှံအဖြစ် ရွှေတောင် ၈၊ ရွှေတောင် ၁၀၊ ငွေချည် ၁၁ စသည့် မျိုးသန့်ဝါစေ့ ၁၇၉၀ ဧကစာကို ကြိုတင် စုဆောင်း၍ ဖြန့်ဖြူးရောင်းချပေးခြင်းနှင့် ပံ့ပိုးပေးခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ထို့အပြင် မျိုးသန့် ဝါစေ့များအား မျိုးစားပေးစနစ်ဖြင့် ၆၅၀ ဧကစာအတွက် ကွန်ပေါင်းဓာတ်မြေဩဇာ အိတ် ၂၀ ကို ပံ့ပိုးထားရှိပြီး ထပ်မံ၍ ဝါသီးနှံ အထွက်နှုန်းတိုးတက်ကောင်းမွန် ရရှိစေရေး ဒေသခံတောင်သူများအတွက် လိုအပ်သည့် စိုက်ပျိုးရေးသွင်းအားစုဓာတ်မြေဩဇာများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူရရှိနိုင်ရေး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
“ဒီနှစ်မှာတော့ ရွှေတောင် ၁၀ ဝါမျိုးသန့်စေ့ကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနကနေ မျိုးစားပေးစနစ်နဲ့ ထုတ်ယူပြီးတော့ ဝါစိုက်ဧကကို ၇ ဧက ကျော် စိုက်ပျိုးထားပါတယ်။ ဒီနှစ် ရာသီဥတုက မိုးဦးနဲ့ မိုးလယ်မှာ အဆင်ပြေပြီးတော့ အခုမိုးနှောင်းပိုင်းမှာ မိုးရွာသွန်းမှု အနည်းငယ် နည်းနေသေးတယ်ဗျ။ မိုးအလီသင့်ရင်တော့ သီးနှံစိုက်တောင်သူတွေအတွက် ဒီနှစ် ဝါအထွက်နှုန်းက အရင်နှစ်ကထက် ပိုမိုရရှိမှာသေခြာပါတယ်။”ဟု စလင်းမြို့နယ် အင်ကြင်းပင်လှကျေးရွာအုပ်စုမှ ဝါသီးနှံစိုက်တောင်သူ ဦးငွေငြိမ်းက ရှင်းပြသည်။
စလင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဒေသတွင်း ဝါစိုက်ဧရိယာ တိုးချဲ့စိုက်ပျိုးရေး၊ ဝါသီးနှံ မျိုးသန့်ပွားရရှိရေး၊ ဝါမျိုးစေ့ထုတ်စိုက်ခင်းလုပ်ငန်းများနှင့်အတူ အရည်အသွေးကောင်း ဝါဂွမ်းများရရှိနိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်း တိုးတက်ကောင်းမွန်ရရှိရေး စီမံကိန်းလုပ်ငန်းအသွင်ဖြင့် တောင်သူစိုက်ပျိုးနည်းပညာပေးခြင်း လုပ်ငန်းများအပြင် စိုက်ပျိုးမှုနှင့်ထွက်ရှိမှုအပေါ် စိုက်ဧက ကိန်းဂဏန်းစာရင်းများ မှန်ကန်မှုရှိစေရေး မြေပြင်စာရင်းစစ်တမ်းကောက်ယူမှုလုပ်ငန်းများကို စိုက်ပျိုးရေးကွင်းဝန်ထမ်းမျာက သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းပြီး ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဇော်လင်းက ပြောသည်။
စလင်းမြို့နယ်၌ စက်မှုကုန်ကြမ်းအဖြစ် ဝါသီးနှံအား ၂၀၂၄-၂၀၂၅ ခုနှစ် စိုက်ပျိုးရာသီတွင် ချည်မျှင်ရှည်ဝါသီးနှံကို ဧကပေါင်း ၂၉၀၇၅ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ထို့အတူ ၂၀၂၅-၂၀၂၆ ခုနှစ် စိုက်ပျိုးရာသီတွင် ချည်မျှင်ရှည်ဝါသီးနှံကို ဧကပေါင်း ၃၁၂၂၂ ဧကအထိ စိုက်ပျိုးနိုင်ခဲ့သည့်အတွက် ယခင်နှစ်ထက် ဧကပေါင်း ၂၁၄၇ ဧကအထိ ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ခဲ့ကာ ယခုလက်ရှိတွင် ဝါသီးနှံ စိုက်ခင်းများ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။
မောင်မောင်(မင်းဘူး)