ပေါက်ခေါင်းမြို့နယ်၌ စိုက်ပျိုးရေးဦးစီးဌာနမှ ပေပင်ကုန်းကျေးရွာရှိ တွန်တာနီမြေပဲ စံကွက်ရိတ်သိမ်းမှုအား ကွင်းဆင်းစစ်ဆေး

ပေါက်ခေါင်း စက်တင်ဘာ ၁၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ပေပင်ကုန်းကျေးရွာရှိ တွန်တာနီမြေပဲ စံကွက်ရိတ်သိမ်းမှုအား ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးမျိုးမင်းလွင်၊ လက်ထောက်ဦးစီးမှူးများဖြစ်ကြသော ဦးဘသန်း၊ ဦးစိုးမင်းထွန်းနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက စိုက်ပျိုးရေးဦးစီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ စိုက်ပျိုးထားရှိသော ပေါက်ခေါင်းမြို့နယ်၊ ဓမ္မသော်ကျေးရွာအုပ်စု၊ ပေပင်ကုန်းကျေးရွာရှိ တောင်သူဦးခင်စိုး၏ တွန်တာနီ မြေပဲစံကွက် ရိတ်သိမ်းမှုအား ကြည့်ရှုစစ်ဆေးခဲ့ရာ တစ်ဧက ပျမ်းမျှ ၈၈.၄၁ တင်းထွက်ရှိပြီး ယခင်နှစ်ကထပ် အထွက်နှုန်းပိုမိုကောင်းမွန်ကြောင်း သိရသည်။

 

ပေါက်ခေါင်းမြို့နယ်တွင် မြေပဲစိုက်ပျိုးဧက(၁၅၀၀၀) ကျော်ရှိရာ ဗီယက်နမ်၊ တွန်တာနီ၊ ဆင်းပဒေသာ(၁၁) အစရှိသည့် မြေပဲမျိုးများကို အများဆုံးစိုက်ပျိုးထားရှိပြီး အထွက်နှုန်းကောင်းမွန်စေရေးနှင့် စိုက်ပျိုးမှုကို ထိရောက်လွယ်ကူအဆင်ပြေစေရေးတို့အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ အထူးအလေးထားဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဖုန်းကျော်ဇင်(ပြန်/ဆက်)