သာယာဝတီ စက်တင်ဘာ ၁၈
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့၌ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့တွင် ကျရောက်ခဲ့သည့် (၁၃) ကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် သာယာဝတီမြို့ အမှတ် (၂) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စုမှူးနှင့် အဖွဲ့ဝင်များက စက်တင်ဘာလ ၁၆ ရက်နေ့နံနက် ၈ နာရီက သာယာဝတီမြို့ ရန်ကုန်-ပြည်ကားလမ်းဘေး ခရိုင်အားကစားကွင်းလမ်းဆုံတွင် “လူကုန်ကူးမှုတိုက်ဖျက်ဖို့ ခေါင်းပုံဖြတ်မှု အဆုံးသတ်စို့” ဆိုင်းဘုတ်ပိုစတာစိုက်ထူပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆိုင်းဘုတ်စိုက်ထူပွဲတွင် သာယာဝတီခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ထွေးနှင့်အဖွဲ့ဝင်များ၊ အမှတ်(၂)လူကုန်ကူးမှု တားဆီးနှိမ်းနင်းရေးတပ်ဖွဲ့စုမှူးနှင့် အဖွဲ့ဝင်များက “လူကုန်ကူးမှုတိုက်ဖျက်ဖို့ ခေါင်းပုံဖြတ်မှုအဆုံးသတ်စို့” ဆိုင်းဘုတ်ပိုစတာကို စိုက်ထူခဲ့ကြသည်။
သာယာဝတီမြို့ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး တပ်ဖွဲ့စုအနေဖြင့် လူကုန်ကူးခံရခြင်းနှင့် ပတ်သက်သည့် ဆိုးကျိုးများ၊ လူကုန်ကူးမခံရအောင် သတိပြုရှောင်ရှားရမည့်အချက်များ၊ လူကုန်ကူးခံရခြင်းကြောင့် ဖြစ်ပေါ်လာသော စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများနှင့် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေများကို ခရိုင်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများတွင် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)