နတ်တလင်းမြို့နယ် ကျေးရွာများသို့ မြန်မာအီလက်ထရောနစ်မဲပေးစက် အသိပညာပေးခြင်းနှင့် စမ်းသပ်မဲပေးမှုဆောင်ရွက်

နတ်တလင်း စက်တင်ဘာ ၁၈

ပဲခူးတိုင်းဒေသကြီး၊နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ ကြီးကြပ်ရေးအဖွဲ့ ဌာနဆိုင်ရာတာဝန်ရှိသူများမှ မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့်ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်စေရန်၊ အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်းများကို ရပ်ကွက်/ကျေးရွာ အုပ်စုများတွင် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ၊ ယမန်နေ့နံနက်ပိုင်းအချိန်က သက်ငယ်​ပြင်ကျေးရွာသို့ သရုပ်ပြမဲပေးစက်ဖြင့် မဲပေးခြင်းအသိပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သရုပ်ပြအခမ်းအနားတွင် မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့်ပတ်သက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမျိုးမြင့်က မိတ်ဆက်အမှာစကားပြောကြားပြီး၊ မြို့နယ်ရွေးကောက်ပွဲအရာရှိက ဒေါ်မေလမင်းထွန်းက မဲပေးစက်ဆိုင်ရာ လုပ်ငန်းစဉ်များကို ရှင်လင်းပြောကြားသည်။

ထို့နောက် ကျေးရွာသူ၊ ကျေးရွာသားများက ကိုယ်တိုင်ကိုယ်ကျ စမ်းသပ်မဲပေးကြပြီး၊ ရွေးကောက်ပွဲကော်မရှင်အရာရှိက မဲပေးစက်မှမဲလက်မှတ်စစ်ဆေးခြင်း၊ ကိုယ်စားလှယ်လောင်းတစ်ဦးချင်းစီ၏ မဲရလာဒ်ထုတ်ပြန်ခြင်းများကို လက်တွေ့ဆောင်ရွက်ပြသခဲ့ကြောင်း သိရသည်။

ဝေယံဖြိုး(ပြန်/ဆက်)