နတ်မောက်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲ ပြုလုပ်

နတ်မောက် စက်တင်ဘာ ၁၈

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ ဗလငါးတန်နှင့်ပြည့်စုံသော ကျောင်းသား၊ ကျောင်းသူများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ(တွဲဘက်) ဒေါ်သိမ့်သိမ့်မိုးက စာအုပ်စာပေကောင်းဖတ်ရှုခြင်းဖြင့် စိတ်ကူးသစ်၊ ဉာဏ်သစ်၊ အတွေးအခေါ်သစ်များရရှိနိုင်ပုံ၊ ကျောင်းသား၊ ကျောင်းသူလူငယ်လူရွယ်များအနေဖြင့် ဘဝအောင်မြင်ရေးအတွက် စာဖတ်ကြရန် ဆွေးနွေးဟောကြားသည်။

ဆက်လက်၍ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်ဝင်းမေထွန်းက ကျောင်းသား/သူများအား စာဖတ်နည်းသုံးနည်းအကြောင်း ဆွေးနွေးပြောကြားသည်။ ထို့နောက် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးအကြောင်းအရာများ၊  မူးယစ်ဆေးဝါးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းများနှင့် လူငယ်အသိပညာပေးနံရံကပ်စာစောင်များပြသရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

လှဝင်း