ပန်းတောင်း စက်တင်ဘာ ၁၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ကျောင်းသားလူငယ်များ မှုခင်းဆိုင်ရာ အသိပညာများတိုးပွားစေရန်အတွက် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ မြို့နယ်ပညာရေးမှူးရုံးနှင့် မြို့နယ်သတင်းစာဆရာအသင်းတို့ပူးပေါင်း၍ အခြေခံပညာအထက်တန်းကျောင်း ရှားဖြူကွင်းတွင် ယမန်နေ့နံနက်ပိုင်းက မှုခင်းကျဆင်းရေးအသိပညာပေး ဟောပြောပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
ရှေ့ဦးစွာ ကျောင်းအုပ်ဆရာမကြီး ကိုယ်စားတာဝန်ခံဆရာတစ်ဦးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဥသျှစ်ပင်နယ်မြေရဲစခန်းမှ နယ်ထိန်းခေါင်းဆောင်ဒုတိယရဲအုပ်ဝဏ္ဍကျော်မှ ဒုစရိုက်မှုခင်းဖြစ်ပွားရခြင်းနှင့် ကြိုတင်ကာကွယ်ရမည့်အကြောင်းအရာများ"ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်သတင်းစာဆရာအသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်နိုင်သန်း(မင်းသစ္စာ-ပန်းတောင်း)မှ" သက်ငယ်မုဒိန်းမှုပပျောက်ရေးနှင့် မူးယစ်ဆေးဝါးကင်းစင်ရေး"ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်သတင်းစာဆရာအသင်းဥက္ကဋ္ဌ ဦးအောင်မြင့်(အောင်မြင့်-ပန်း တောင်း)မှ"ဒုစရိုက်မှုခင်းများနှင့် ကြုံရဆုံရသတင်းသမားဘဝ"ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဟောပြောခဲ့ကြသည်။ ၎င်းနောက် မြို့နယ်သတင်းစာအသင်းဝင်များမှ ကျောင်းစာကြည့်တိုက်အတွက် စာအုပ်များလှူဒါန်းရာ တာဝန်ခံဆရာမှ လက်ခံရယူပြီး ဆရာမတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားကာ အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်း သိရသည်။
လပြည့်လင်း(ပြန်/ဆက်)