ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေးအမှတ်စဉ်(၁/၂၀၂၅) ကျင်းပ

လွိုင်ကော် စက်တင်ဘာ ၁၈

ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၅)ကို ယမန်နေ့ မွန်းလွဲပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ကော်မတီ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာစကားပြောကြားရာတွင် ကယားပြည်နယ်အနေဖြင့် တည်ငြိမ်အေးချမ်းလာပြီဖြစ်၍ ဖွံ့ဖြိုးရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ လယ်ယာကဏ္ဍ၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ၊ လျှပ်စစ်ကဏ္ဍ၊ စက်မှုလက်မှုကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားလာရေးကဏ္ဍနှင့် အခြားဝန်ဆောင်မှုကဏ္ဍများတွင်လည်း အကြားအလပ်မရှိ ဖွံ့ဖြိုးတိုးတက် ရေး ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ပြည်နယ်အတွင်း အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ယခုထက် ပိုမိုတိုးတက်စေရေး ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ရန်နှင့် မူလရင်းနှီးမြှုပ်နှံထားသည့် လုပ်ငန်းများအားလုံး ပြန်လည်လည်ပတ်လုပ်ကိုင်နိုင်ရန် သက်ဆိုင်ရာ ဌာနတာဝန်ရှိသူအားလုံးက ပေါင်းစပ်ကူညီဆောင်ရွက်ပေးရန် ဖြစ်ကြောင်း၊ ထုတ်ကုန် များ အရည်အသွေးပြည့်မီရေး၊ တင်ပို့ရောင်းချမှု စနစ်တကျရှိစေရေး ဥပဒေ၊ နည်းဥပဒေ လုပ်ထုံး လုပ်နည်းများနှင့် အညီ စနစ်တကျဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီအတွင်းရေးမှူးက Treasure Corn Co.,Ltd. ၏ လုပ်ငန်းတည်နေရာပြောင်းလဲဆောင်ရွက်ခြင်းအား အတည်ပြုပေးနိုင်ပါရန် တင်ပြမှုအပေါ် ကော်မတီက အတည်ပြုကြောင်း ဆုံးဖြတ်ခဲ့သည်။ ဆက်လက်၍ ကော်မတီအတွင်းရေးမှူးက ဒေသနှင့် ကိုက်ညီမှုရှိသည့် ရင်းနှီးမြုပ်နှံမှုလုပ်ငန်းကဏ္ဍအမျိုးအစားများ သတ်မှတ်ထားရှိနိုင်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဖိတ်ခေါ်ဆောင်ရွက်ရာတွင် ကူညီဆောင်ရွက် ပေးနိုင်မည့် အချက်များကို သတ်မှတ်ထားရှိရေးနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် တက်ရောက်လာသည့် ကော်မတီအဖွဲ့ဝင်များနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းရှင်များက မိမိတို့ကဏ္ဍအလိုက် ဆောင်ရွက်မည့်အခြေအနေများကို ရှင်းလင်းတင်ပြခဲ့မှုအပေါ် ပြည်နယ် ရင်းနှီး မြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်လမ်းညွှန် ဆွေးနွေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်းသိရသည်။

ပြည်နယ်(ပြန်/ဆက်)