ပြည် စက်တင်ဘာ ၁၇
ယနေ့တွင်ကျရောက်သည့် ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ပြည်မြို့ရှိ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံးခန်းမ၌ ယမန်နေ့နံနက်ပိုင်းကကျင်းပရာ ပြည်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းအောင်က အမှာစကားပြောကြားသည်။ ယင်းနောက် တက်ရောက်လာကြသူများအား ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်၏ ၂၀၂၅ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာ၊ ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ်မှ အမှုဆောင်ဒါရိုက်တာ၏ အမှာစကားနှင့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ဗီဒီယိုကလစ်တို့ကို ပရိုဂျက်တာဖြင့် ဖွင့်လှစ်ပြသသည်။
ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ခင်းကျင်းပြသထားသော ၂၀၂၅ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ဆိုင်ရာ အသိပညာပေး စာအုပ်၊ စာစောင်နှင့် လက်ကမ်းစာစောင်များကို လေ့လာကြည့်ရှုအားပေးခဲ့ကြပြီး ယခုနှစ်ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားကို "အိုဇုန်းလွှာကာကွယ်ရေး သိပ္ပံပညာဖြင့် တစ်ကမ္ဘာလုံးမြှင့်တင်ဆောင်ရွက်ပေး" ဆောင်ပုဒ်ဖြင့် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
ကိုဆက်(ပြန်/ဆက်)