ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ချင်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေး (၁/၂၀၂၅) သို့ တက်ရောက်

ဟားခါး စက်တင်ဘာ ၁၇

ချင်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေး (၁/၂၀၂၅) ကို စက်တင်ဘာလ ၁၇ ရက် နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ချင်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီတွင်ပါဝင်သော ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ချင်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေအရ မြန်မာနိုင်ငံရင်းနှီး မြှုပ်နံမှုကော်မရှင်၏ အမိန့်ကြော်ငြာစာဖြင့် ဖွဲ့စည်းထားသည့်အဖွဲ့အစည်းဖြစ်ကြောင်း၊  ကော်မတီအနေဖြင့် ချင်းပြည်နယ်အတွင်း သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေသည့် တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများဖွံ့ဖြိုးစေရန်၊ ရင်းနှီးမြှုပ်နှံသူများနှင့် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ဥပဒေနှင့်အညီ အကာအကွယ်ပေးနိုင်ရန်နှင့် ပြည်သူတို့အတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ပေါက်လာစေရန်ဦးတည်ပြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ဖိတ်ခေါ်ဆောင်ရွက်ရန်လိုအပ်သည့် လုပ်ငန်းစဉ်များ ထုတ်ဖော်ဆောင်ရွက်ရမည့်အပြင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကတစ်ဆင့် ချင်းပြည်နယ်အတွင်း လူသားအရင်းအမြစ်ဖွံ့ဖြိုးလာစေရေး၊ နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအပါအဝင် ပြည်နယ်တွင်းစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် နိုင်ငံတကာအသိုက်အဝန်းနှင့် ယှဉ်တွဲလုပ်ကိုင်ဆောင်ရွက် နိုင်စေရန်နှင့် နိုင်ငံတကာစံနှုန်းများနှင့်ညီသော စီးပွားရေးလုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပေါ်ထွန်းလာစေရန်နည်းလမ်းများ ရှာဖွေဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ချင်းပြည်နယ်၏ ဒေသစီးပွားရေးဝန်းကျင် ပြန်လည်ကောင်းမွန်လာစေရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အစည်းအဝေးတက်ရောက်လာကြသည့် ကော်မတီဝင်များအနေဖြင့် တက်ကြွစွာဆွေးနွေးကြစေလိုကြောင်းဖြင့် စကားပြောကြားသည်။

ထို့နောက် ချင်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူး၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီ များညွှန်ကြားမှုဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးထွန်းတောက်အောင်က ချင်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ ပြန်လည်ပြင်ဆင်ဖွဲ့စည်းသည့်ကိစ္စနှင့် ချင်းပြည်နယ်၏ ဒေသစီးပွားရေးဝန်းကျင် ပြန်လည်ကောင်းမွန်လာစေရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး  အစည်းအဝေးတက်ရောက်လာကြသည့်  ပြည်နယ်အဆင့်ဌာနဆိုင်ရာ  တာဝန်ရှိသူများက မိမိတို့ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြသည်။

ချင်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူးနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးခင်မောင်ထွေး၊ စီးပွားရေးရာဝန်ကြီး ဒေါက်တာလျန်ဇခုပ်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်၊ ပြည်နယ်ဥပဒေချုပ် ဦးဆွန်ဒုတ်ကျင့်နှင့် ခေတ္တပြည်နယ်အုပ်ချုပ်ရေးမှူး ဦးမင်းဆွေတို့က အကြံပြုဖြည့်စွက် ဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)