ကြံခင်းမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ

ကြံခင်း စက်တင်ဘာ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ ရွာသစ်ရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အောင်ကျော်ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ မန်နေ့မွန်းလွဲပိုင်းက စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်ပညာရေးမှူး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ အ.ထ.က (၁) ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ၁၅၀ ကျော်တက်‌ရောက်ခဲ့ကြကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဒေါ်ဌေးဌေးက အဖွင့်အမှာစကားပြောကြားပြီး၊ ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်မိုး​​မြင့်က ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် ပရိတ်သတ်ရှေ့မှောက်တွင်ပြောဆိုတတ်သည့် အလေ့အကျင့်များရရှိစေရန်၊ အပြောစွမ်းရည် မြင့်မားလာစေရန်၊ ပူးပေါင်းဆွေးနွေး ပြောဆိုတတ်သည့် အလေ့အကျင့်ကောင်းများရရှိလာစေရန်နှင့် ဗလငါးတန်ပြည့်စုံလာစေရန် စသည့် ရည်ရွယ်ချက်များစွာဖြင့် လူငယ်စကားဝိုင်းများကို ကျင်းပရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြား ခဲ့သည်။

ဆက်လက်၍ လူငယ်စကားဝိုင်းကိုကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်မိုး​​မြင့်က ဦးဆောင်ဆွေးနွေးသူ Moderator  အဖြစ်ဆောင်ရွက်ကာ Grade-9 ကျောင်းသူ မစံရတီလွင်က “လူငယ်နှင့်ဘာသာတရား” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-8 ကျောင်းသူ မကြယ်စင်သာက လူငယ်နှင့်အနာဂတ်ရည်မှန်းချက်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-9​ကျောင်းသူ မမိုးသံစဉ်မှူးက လူငယ်နှင့်မူးယစ်ဆေးဝါး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-9  ​ကျောင်းသူ မလင်းလက်လမင်းအိမ်က  “လူငယ်နှင့်၎င်းတို့၏ခံစားချက်ခေါင်းစဉ်တို့ဖြင့် ၎င်းတို့ဖတ်ရှုမှတ်သားထားကြသော အတွေးအခေါ်များကို မျှဝေဆွေးနွေးခဲ့ကြပြီးကျောင်းသား၊ ကျောင်းသူများ၏ ဆွေးနွေးချက်များအပေါ် ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမော်က သုံးသပ် ဆွေးနွေးပြောကြားခဲ့သည်။ ယင်းနောက် စကားဝိုင်းသို့တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကိုမေးမြန်းခဲ့ကြရာ ကဏ္ဍအလိုက်ဆွေးနွေးကြသူများက ပြန်လည် ဖြေကြားကြပြီး အ.ထ.က(၁) ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမော် ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။

ယင်းနောက် ကြံခင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် သုတ၊ ရသစာအုပ်စာစောင်ပြပွဲ၊ မူးယစ်ဆေးဝါးအသိပညာပေး နံရံကပ်စာစောင်နှင့် မီးခိုးမြူငွေ့အန္တရာယ် တို့ကာကွယ်အသိပညာပေး နံရံကပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူ များက စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဖြိုးဝေလင်း