၂၀၂၅ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနား လွိုင်ကော်တွင် ကျင်းပ

လွိုင်ကော် စက်တင်ဘာ

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ (World Ozone Day) အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ဆုရ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာစကားပြောကြားရာ၌ အစိုးရဌာနများ၊ အဖွဲ့အစည်းများနှင့် ပြည်သူများအနေဖြင့် အနာဂတ်မျိုးဆက်များအတွက် အိုဇုန်းလွှာထိန်းသိမ်းရေးဆိုင်ရာ အသိပညာများ ဖြန့်ဝေပေးနိုင်ရန်၊ သက်ရှိများအတွက် ကောင်းမွန်သန့်ရှင်းသော ပတ်ဝန်းကျင်ကိုရရှိစေရန်နှင့် ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်ရေးနှိုးဆော်ပေးနိုင်ရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်ပါကြောင်း၊ ပြည်နယ်အတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များတွင် ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်ရေး၊ ဟန်ချက်ညီဖွံ့ဖြိုးတိုးတက်မှုရရှိစေရေး၊ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေဘဲ အစိမ်းရောင်စီးပွားရေး ရင်းနှီးမြှုပ်နှံမှုများကို အားပေးမြှင့်တင်ရေး၊ ဂေဟစနစ်များ ထိန်းသိမ်းရေးနှင့် စွန့်ပစ်ပစ္စည်းစနစ်တကျစီမံခန့်ခွဲရေးတို့ကို သက်ဆိုင်ရာဌာနများနှင့် ပြည်သူအားလုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း စသည်ဖြင့် ပြောကြားသည်။

ထို့နောက် ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ကျင်းပသည့် အဆင့်မြင့်ပညာနှင့် အခြေခံပညာအဆင့် ဆောင်းပါးနှင့် စာစီစာကုံးပြိုင်ပွဲများတွင် ဆုရရှိသူများကို ဆုများချီးမြှင့်ပေးအပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က အဆင့်မြင့်ပညာအဆင့် ဆောင်းပါးပြိုင်ပွဲတွင် ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများအားလည်းကောင်း၊ ပြည်နယ်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက အခြေခံပညာအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိကြသည့် ကျောင်းသားကျောင်းသူများအားလည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ချီးမြှင့်ငွေများ အသီးသီးပေးအပ်ခဲ့သည်။

ဆက်လက်၍ ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် Video Clip များ ပြသမှုကို ကြည့်ရှုအားပေးပြီး ဆုရကျောင်းသား၊ ကျောင်းသူများနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် ပြခန်းငယ်နှင့် ဆုရရရှိသည့် ဆောင်းပါးနှင့် စာစီစာကုံးလက်ရာများကို ကြည့်ရှုအားပေးကာ ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်စကားပြောကြားခဲ့ကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)