ကသာ စက်တင်ဘာ ၁၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ကသာမြို့တွင် ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေး ရက်သတ္တပတ်အစီအစဉ်ဖြင့် KG ကျောင်းသား/သူများအား ကျောင်းတွင်း အာဟာရကျွေးမွေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက အခြေခံပညာကျောင်း (၄) ကျောင်းတို့တွင် ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ကျွေးမွေးရာတွင် အာဟာရပြည့်ဝမျှတပြီး ကျန်းမာရေးနှင့်ညီညွတ်သော အသား၊ ကြက်ဉ၊ အာလူး၊ ရွှေဖရုံသီး၊ ပဲဟင်း၊ ငှက်ပျောသီးနှင့်အသီးအရွက်တို့ကို ချက်ပြုတ်ပြင်ဆင်၍ အခြေခံပညာကျောင်းများရှိ KG ကျောင်းသားကျောင်းသူကလေးများကို စနစ်တကျကျွေးမွေးပေးကြောင်းသိရသည်။ ကျောင်းသား/သူများအားလုံး ကျန်းမာရေးနှင့်ညီညွတ်သော အမူအကျင့်များရှိစေရန်အတွက် လက်များကိုဆပ်ပြာဖြင့် စင်ကြယ်စွာဆေးကြောဆောင်ရွက်စေခဲ့သည်။
ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေး အစီအစဉ်ဖြင့် ကသာမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း (၂၂)ကျောင်းတွင် KG ကျောင်းသား/သူ စုစုပေါင်း ၅၁၈ ဦးကို ဩဂုတ်လတွင် (၁) ကြိမ်ကျွေးမွေးဆောင်ရွက်ခဲ့ပြီးနှင့် ယခုစက်တင်ဘာလတွင် (၁) ကြိမ် ကျွေးမွေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ကျွေးမွေးဆောင် ရွက်လျက်ရှိသောကျောင်းများသို့ ကသာခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စွာထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခေတ္တအုပ်ချုပ်ရေးမှူး ဦးစောနေသာနှင့်ဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဒေါက်တာ စိုးသူအန်းနှင့်ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ပညာရေးမှူး ဒေါ်နန္ဒာလင်းနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးကြကာ ကျောင်းများအတွက်လိုအပ်သည်များကို ဖြည့်ဆည်းပေးခဲ့ကြောင်းသိရသည်။
ကျော်စွာထွန်း (ကသာ)