ကယားပြည်နယ်ဝန်ကြီးချုပ် စံပြဝက်မွေးမြူရေးခြံ၊ သီးနှံအခြောက်ခံစက်ရုံလည်ပတ်နေမှုနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်မှုကြည့်ရှုစစ်ဆေး

လွိုင်ကော် စက်တင်ဘာ ၁၇

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်က ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ စံပြဝက်မွေးမြူရေးခြံ၊ သီးနှံအခြောက်ခံစက်ရုံနှင့် ဌာနဆိုင်ရာရုံးများနှင့် ဝန်ထမ်းအိမ်ရာများ ပြုပြင်ဆောင်ရွက်ပြီးစီးမှုနှင့် နောင်ယားကန်သာယာလှပရေးလုပ်ငန်းဆောင်ရွက်မှုများအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပြည်နယ်၏ မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်နှင့် မွေးမြူရေးလုပ်ငန်းရှင်များအား သရုပ်ပြပညာပေးဆောင်ရွက်နိုင်ရန် အကောင်အထည်ဖော်ဆောင်ရွက်ထားရှိသည့် စံပြဝက်မွေးမြူရေးခြံသို့ ရောက်ရှိရာ ပြည်နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှူးက လုပ်ငန်းဆောင်ရွက်နေမှုအား ရှင်းလင်းတင်ပြသည်။ ပြည်နယ်ဝန်ကြီးချုပ်က စံပြဝက်မွေးမြူရေးဖြစ်သည့်အတွက် ဝက်မွေးမြူဆောင်ရွက်လိုသူများအား စနစ်တကျပညာပေးသရုပ်ပြသနိုင်ရေးနှင့် ဝက်သားပေါက်များကို စဉ်ဆက်မပြတ် မွေးမြူဖြန့်ဖြူးနိုင်ရေး၊ အနံ့အသက်ဆိုးများ မထွက်ရှိစေရေးနှင့် ကူးစက်ရောဂါများ ကျရောက်မှုမရှိစေရေးအလေးထားဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။ ထို့နောက် ရေနီကန်ကျေးရွာမှ တောင်သူ ဦးပလားရယ်၏ အောင်နိုင်တိုးစပါး စမ်းသပ်စိုက်ကွင်းတွင် စိုက်ပျိုးဖြစ်ထွန်းနေမှုအခြေအနေအားလည်းကောင်း၊ ပျားလုပ်ငန်းဌာနခွဲ၊ အခြေစိုက်ပျားဘုရင်မမွေးမြူရေးစခန်းတွင် ပျားများမွေးမြူထားရှိမှု အခြေအနေအားလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ရေနီကန်ကျေးရွာရှိ Treasure Corn သီးနှံအခြောက်ခံစက်ရုံသို့ ရောက်ရှိပြီး စက်ရုံလည်ပတ်ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးရာ စက်ရုံလုပ်ငန်းရှင်မှ အစေ့ထုတ်ပြောင်းသီးနှံကုန်ကြမ်းများရရှိမှု၊ သီးနှံအခြောက်ခံဆောင်ရွက်ပေးမှုနှင့် ပြောင်းသီးနှံများ တင်ပို့နိုင်မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။ ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး၊ မီးဘေးလုံခြုံရေးနှင့် အရည်အသွေးမီပြောင်းသီးနှံများ ထုတ်လုပ်တင်ပို့ရောင်းချနိုင်ရေး ဆောင်ရွက်ရန် မှာကြားခဲ့သည်။

ထို့နောက် ပြည်နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနသို့ ရောက်ရှိကာ အကြမ်းဖက်သမားများကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ပြည်နယ်နှင့် ခရိုင်ရုံးများ၊ ဝန်ထမ်းအိမ်ရာများ ပြန်လည်ပြုပြင်ဆောင်ရွက်ပြီးစီးမှုနှင့် ရုံးများဖွင့်လှစ်မှုအခြေအနေအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ဝန်ထမ်းများ တာဝန်ထမ်းဆောင်မှုအခြေအနေနှင့် ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေများအား လိုက်လံရှင်းလင်းတင်ပြကြသည်။ ပြည်နယ်ဝန်ကြီးချုပ်က ဝန်ထမ်းအိမ်ရာများတွင် ဝန်ထမ်းများစနစ်တကျ ပြန်လည်နေရာချထားရန်၊ ရုံးနှင့် ရုံးပတ်ဝန်းကျင် သန့်ရှင်းသာယာရေးမပြတ်ဆောင်ရွက်ရန်နှင့် ပြည်နယ်၏ မွေးမြူရေးကဏ္ဍပိုမိုဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ကြရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ထို့နောက် နောင်ယားကန်သာသို့ ရောက်ရှိပြီး အများပြည်သူ စိတ်အေးချမ်းသာစွာ အပန်းဖြေအနားယူနိုင်ရန်နှင့် ဒေသထွက်လက်ဆောင်ပစ္စည်းများ ရောင်းချနိုင်ရန် ဆောင်ရွက်လျက်ရှိသည့် ဈေးဆိုင်ခန်းများ ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးပြီး ကန်နှင့် ကန်ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပမှုကို ထိခိုက်မှုမရှိစေရေးဆိုင်ခန်းများ စနစ်တကျနေရာချထားရန်နှင့် လုပ်ငန်းများ သတ်မှတ်ကာလအမီ ပြီးစီးအောင် ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)