ဘားအံ စက်တင်ဘာ ၁၇
ကရင်ပြည်နယ်အစိုးရအဖွဲ့ တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး လုပ်ငန်းအဖွဲ့၏ (၁/၂၀၂၅) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ ၁၇ ရက်နေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂) ၌ ကျင်းပသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးလုပ်ငန်းအဖွဲ့အနေဖြင့် လုပ်ငန်းတာဝန်များကို ခွဲဝေပေးအပ်ထားပြီးဖြစ်၍ တာဝန်နှင့်ဝတ္တရားများကို ကျေပွန်စွာ ဆောင်ရွက်ကြစေလိုကြောင်း၊ တောင်သူများ နှစ်သက်သည့်သီးနှံကို လွတ်လပ်စွာစိုက်ပျိုးလုပ်ကိုင်နိုင်စေရေး၊ စံချိန်စံညွှန်းများနှင့်ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်၊ မြေဩဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ မွေးမြူရေးတိရစ္ဆာန်အစားအစာများရရှိနိုင်ရေး သက်ဆိုင်ရာဌာန၊ အသင်း၊ အဖွဲ့များနှင့် ချိတ်ဆက်ပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း၊ လယ်ယာမြေပေါ်တွင် မွေးမြူရေးခြံများ၊ ငါးမွေးကန်များတည်ရှိနေခြင်းကို တည်ဆဲဥပဒေများနှင့်အညီ တရားဝင်ဖြစ်စေရန် လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့များနှင့် ချိတ်ဆက်ဆောင်ရွက်ပေးကြစေလိုကြောင်း၊ ပြည်တွင်းစားသုံးမှုဖူလုံစေရေးနှင့် ပြည်ပသို့တင်ပို့ရောင်းချနိုင်ရေး၊ သဘာဝဘေးဒဏ်ကြောင့် ဆုံးရှုံးမှုများအားအကူအညီပေးနိုင်ရေး၊ သင့်တင့်သည့် ဈေးနှုန်းနှင့်ဈေးကွက်ရရှိစေရေး၊ တန်ဖိုးမြင့်ထုတ်ကုန်များ ထွက်ရှိနိုင်ရေးအတွက် တင်ပြဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင်များက လက်ရှိကာလတောင်သူများ ကြုံတွေ့နေရသည့် စပါးဈေးကျဆင်း နေသည့်အခက်အခဲနှင့် ရင်ဆိုင်နေရသည့်အခြေအနေများ၊ ဆန်စပါးတင်ပို့ရောင်းချရာတွင် လမ်းခရီးကြန့်ကြာနေရ သည့်အခြေအနေ၊ သွင်းကုန်ပို့ကုန်များကို တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်နိုင်ရေးအတွက် မှန်မှန်ကန်ကန်ဆောင်ရွက်ပေးနေမှုအခြေအနေများကို ဆွေးနွေးတင်ပြကြပြီး တက်ရောက်လာသော ပြည်နယ်အဆင့်ဌာနဆိုင်ရာများက ကရင်ပြည်နယ်အတွင်း လယ်ယာမြေများအား လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ (၇) ထုတ်ပေးရန်လျာထားမှုအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ ၂၀၂၅-၂၀၂၆ ခုနှစ် ပြည်နယ်၏အဓိကသီးနှံ စိုက်ပျိုးထုတ်လုပ်မှု၊ မိုးစပါးမျိုးစေ့ထုတ်လုပ်ငန်းဆောင်ရွက်ထားရှိမှု၊ တောင်သူပညာပေးဆွေးနွေးပွဲများဆောင်ရွက်မှု၊ ကွင်းသရုပ်ပြပွဲများ၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ မျိုးစပါးနှင့်မြေဩဇာများ၊ သွင်းအားစုများ ဖြန့်ဝေပေးအပ်မှု၊ ပြည်နယ်အတွင်း အသား၊ ဥထုတ်လုပ်မှု၊ စားသုံးမှုနှင့်ပိုလျှံမှုအခြေအနေ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် လုပ်ငန်းများဆောင်ရွက်ထားရှိမှု၊ သမဝါယမကဏ္ဍဖြင့် လယ်ယာလုပ်ငန်းများဆောင်ရွက်နေမှု၊ မိုးစပါးစိုက်ပျိုးရေးစီမံကိန်းတွင် ပါဝင်သည့် သမဝါယမအသင်းများအားပံ့ ပိုးပေးနိုင်မှု၊ ဆောင်းဆီထွက်သီးနှံ (မြေပဲ) စိုက်ပျိုးရေးစီမံကိန်း လျာထားဧက၊ ကွင်းဆင်းဆောင်ရွက်မှုအခြေနေ၊ လယ်ယာလုပ်ငန်းသုံးစက်ကိရိယာများ သုံးစွဲနိုင်မှုနှင့် လယ်ယာမြေအဆင့်မြှင့်တင်လုပ်ငန်း ဆောင်ရွက်ပေးနိုင်မှုအခြေအနေများကို ဆွေးနွေးတင်ပြကြကာ ခရိုင်အဆင့်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီများက သက်ဆိုင်ရာခရိုင်များအလိုက် ရာသီဥတု၊ မြေအသုံးချမှု၊ သီးနှံစိုက်ပျိုးဧကများ၊ မွေးမြူထားရှိသော တိရစ္ဆာန်စာရင်း၊ သီးနှံများလွတ်လပ်စွာ ရွေးချယ်စိုက်ပျိုးခွင့်၊ စိုက်ပျိုးစရိတ်ချေးငွေချေးယူခွင့်၊ သွင်းအားစု များရရှိရေး၊ မြေယာဥပဒေနှင့်အညီ အကျိုးခံစားခွင့်ရရှိရေး၊ လက်မှုလယ်ယာမှစက်မှုလယ်ယာသို့ကူး ပြောင်းနိုင်ရေး၊ ကုန်ထုတ်လမ်းများဖော်ထုတ်ဆောင်ရွက်ပေးခြင်း၊ ကွင်းသရုပ်ပြပွဲ၊ နည်းပညာပေးဆွေးနွေးပွဲနှင့် သင်တန်းများဖွင့်လှစ် နိုင်မှုများကို ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြကြပြီး တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)