ရွှေတောင် စက်တင်ဘာ ၁၇
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲ၊ကဗျာရွက်ပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ကလေးအလုပ်သမားပပျောက်ရေး ဟောပြောပွဲယမန်နေ့ နေ့လယ်ပိုင်းက အ.မ.က (မြောက်ကျောင်း) မှ ကျောင်းသား/ သူလေးများနှင့် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်မှ ကျောင်းသား/ ကျောင်းသူများအား ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များ ဖြစ်စေရန်နှင့် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးရည်ရွယ်၍ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ၊ လူကုန်ကူးမှုတားဆီးရေး၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာများအကြောင်း အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့ပြီး ပြိုင်ပွဲများကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြား၍ ပြိုင်ပွဲစည်းမျဥ်းစည်းကမ်းများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ပြိုင်ပွဲဝင်ကျောင်းမှ ကျောင်းသား/ သူလေးများက ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြပြီး ဆုရကျောင်းသူလေးများကို ဆုများအသီးသီးချီးမြှင့်ခဲ့ကြသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်စာစောင်များ ပြသခြင်း ကျောင်းသား၊ ကျောင်းသူလေးများကို လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်နံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးနံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်များပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြပြီး စာအုပ်စာပေများကို ဖတ်ရှုခဲ့ကြောင်း သိရသည်။
ကိုကိုမင်း (ပြန်/ဆက်)