သဲကုန်း​မြို့နယ် မူလတန်းကြိုကျောင်း၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းတွင်း ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

သဲကုန်း စက်တင်ဘာ ၁၇

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်း၌ ကလေးသူငယ်များ ဉာဏ်ရည်၊ ဉာဏ်သွေး ထက်မြက်လာစေရန်၊ လူအများရှေ့တွင် ရဲရင့်စွာပြောဆိုတတ်စေရန်၊ စည်းလုံးညီညွှတ်မှုရှိစေရန် ရည်ရွယ်၍ ယနေ့နံနက် (၁၀)နာရီက ကျောင်းတွင်း ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာအခမ်းအနားတွင် သဲကုန်းမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်​မေဇင်ထွန်းက ကျောင်းတွင်းဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် မူလတန်းကြိုကျောင်း၏ လုပ်ငန်းဆောင်ရွက်နေမှု​များကို ရှင်းလင်း၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ ဉာဏစွမ်းရည်ပြိုင်ပွဲများဖြစ်သော အဖွဲ့လိုက်ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် သီချင်းဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ တစ်ဦးချင်းကဗျာရွတ်ဆို​ပြိုင်ပွဲနှင့် သီချင်းဆိုပြိုင်ပွဲတို့ကို ကျင်းပပြုလုပ်ခဲ့ရာ မူကြိုကျောင်းမှ သားငယ်သမီးငယ်​လေးများက အသီးသီးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြ​ပြီး တာဝန်ရှိသူများက အကဲဖြတ်အမှတ်ပေးဆုရွေးချယ်ပေးခဲ့ကြသည်။

ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားအား ဆက်လက်ကျင်းပရာ ဆုရရှိသော သားငယ်၊ သမီးငယ်လေးများအား မူလတန်းကြိုကျောင်း ကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ရှိသူများက အမှတ်တရ ဆုလက်ဆောင်များ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

ကိုကျော်