ပုသိမ် စက်တင်ဘာ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းကကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “အိုဇုန်းလွှာကာကွယ်ရေးအတွက် ကုလသမဂ္ဂပတ်ဝန်းကျင် အစီအစဉ်၏ ဦးဆောင်ကြိုးပမ်းဆောင်ရွက်မှုဖြင့် ၁၉၈၅ ခုနှစ်၊ဩစတေးလျနိုင်ငံ၊ ဗီယင်နာမြို့မှာ အိုဇုန်းလွှာ ကာကွယ်ရေးဆိုင်ရာဗီယင်နာကွန်ဗင်းရှင်း (The Vienna Convention for the Protection of the Ozone Layer) ကို ချမှတ်နိုင်ခဲ့ပြီး ၁၉၈၇ ခုနှစ်မှာအိုဇုန်းလွှာပျက်စီး စေသည့် ဒြပ်ပစ္စည်းများဆိုင်ရာ မွန်ထရီရယ် နောက်ဆက်တွဲစာချုပ် (The Montreal Protocol on Substances that Deplete the Ozone Layer)ကို ကနေဒါနိုင်ငံ၊ မွန်ထရီယယ်မြို့တွင် ထပ်မံချုပ်ဆို နိုင်ခဲ့ပါကြောင်း၊ မွန်ထရီရယ်သဘောတူစာချုပ်ရဲ့ နောက်ဆုံးပြင်ဆင်ချက်ဖြစ်တဲ့ ကီဂါလီပြင်ဆင် ချက်ကတော့ လက်ရှိသုံးစွဲမှု လျှော့ချရပ်ဆိုင်းလျက်ရှိတဲ့ဟိုက်ဒရိုကလိုရိုဖလူရိုကာဗွန် (Hydrochloro fluorocarbons-HCFCs) အစားထိုးအသုံးပြုလျက်ရှိတဲ့ ဟိုက်ဒရိုဖလူရိုကာဗွန် (HFCs) ဖြစ်ကြောင်း သိပ္ပံပညာရှင်များက တွေ့ရှိလာတဲ့အတွက် ဟိုက်ဒရိုဖလူရိုကာဗွန် (HFCs) အသုံးပြုမှုကို လျှော့ချမှုနှင့်အတူ အိုဇုန်းလွှာထိခိုက်မှုမရှိစေတဲ့ Global Warming Potential မြင့်မားခြင်းမရှိတဲ့ အစားထိုးဒြပ်ပစ္စည်းတွေသုံးစွဲသောနည်းပညာမြင့် စက်ပစ္စည်းတွေ တီထွင်အသုံးပြုဖို့နှင့် စက်မှု ကဏ္ဍတွေမှာလည်း စွမ်းအင်ချွေတာတဲ့ နည်းပညာတွေ ပေါင်းစပ်ဆောင်ရွက်နိုင်ဖို့တို့ကို အဖွဲ့ဝင် နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊ အဆိုပါမွန်ထရီရယ်နောက်ဆက်တွဲစာချုပ် အတည်ပြုခဲ့တဲ့ ၁၉၈၇ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့ကို ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့အဖြစ် သတ်မှတ်ကာ အထိမ်းအမှတ် အခမ်းအနားတွေကိုနှစ်စဉ်ကျင်းပပြုလုပ်ခဲ့ကြပြီး မြန်မာနိုင်ငံအနေဖြင့် ၂၀၀၈ ခုနှစ်မှစတင်၍ နှစ်စဉ်ကျင်းပခဲ့ခြင်းဖြစ်ပါကြောင်း၊ ယခု ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့၏ ဆောင်ပုဒ်မှာ “From science to global action” “အိုဇုန်းလွှာ ကာကွယ်ရေး သိပ္ပံပညာဖြင့် တစ်ကမ္ဘာလုံး မြှင့်တင်ဆောင်ရွက်ပေး” ဖြစ်ပါကြောင်း၊ ၎င်းဆောင်ပုဒ်၏ ဆိုလိုရင်းမှာ အိုဇုန်းလွှာ ထိန်းသိမ်းကာကွယ်ရေးဆိုင်ရာ လုပ်ငန်းများ ဖြေရှင်းရာတွင် သိပ္ပံပညာ၏ အရေးပါမှုကို မီးမောင်းထိုးပြသရန်ဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း အိုဇုန်းလွှာထိန်းသိမ်း ကာကွယ်ခြင်းနှင့် ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ လုပ်ငန်းတွေကို အစိုးရဌာနများ၊ တက္ကသိုလ်နှင့် အခြေခံပညာကျောင်းများ၊ ရပ်ကွက်နေပြည်သူများနှင့်ကျေးရွာများအထိ အသိပညာပေးလုပ်ငန်းတွေ ကိုဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင်တိုင်းဒေသကြီးအတွင်း ရေထု၊ လေထုအရည်အသွေး များအား လစဉ်တိုင်းတာ ဆောင်ရွက်လျက်ရှိပြီး ပလတ်စတစ်ညစ်ညမ်းမှုလျှော့ချရေး အစီအစဉ် များနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေး အစီအစဉ်များအား ဆောင်ရွက်ခြင်း၊ စီမံကိန်း လုပ်ငန်းများကြောင့် ရာသီဥတုပြောင်းလဲမှုနှင့် ပတ်ဝန်းကျင်ထိခိုက်မှု မရှိစေရေးအတွက် စိစစ်ကြပ်မတ်ခြင်းတို့ကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ အိုဇုန်းလွှာပျက်စီးခြင်းနှင့် ရာသီဥတု ပြောင်းလဲခြင်းတို့သည် တစ်ကမ္ဘာလုံးနှင့်သက်ဆိုင်သည့် ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာရပ်ဖြစ်သည့် အတွက် လူသားများနှင့်ကမ္ဘာပေါ်ရှိသက်ရှိများ ကျန်းမာပျော်ရွှင်စွာ အသက်ရှင်နေထိုင်နိုင်ရေး အတွက် အိုဇုန်းလွှာထိန်းသိမ်းကာကွယ်ရေးနှင့် ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းစဉ်များကို အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန်လိုပါကြောင်း” တိုက်တွန်း အမှာစကားပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၊ မစ္စတာအန်တိုနီယိုဂူတာရက်စ်၏ သဝဏ်လွှာဗီဒီယို၊ ကုလသမဂ္ဂပတ်ဝန်းကျင် အစီအစဉ် အမှုဆောင်ညွှန်ကြားရေးမှူး မစ္စအင်ဂါအန်ဒါစန်၏ ဗီဒီယိုမက်ဆေ့ချ်နှင့် ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေးဗီဒီယိုပြသမှုတို့ကို ကြည့်ရှုအားပေးခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်း ရေးနေ့ အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ (ပထမ)နှင့် ပန်းချီပြိုင်ပွဲ (ပထမ) ဆုရရှိသူများအားလည်းကောင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီးက အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ (ဒုတိယ)နှင့် ပန်းချီပြိုင်ပွဲ (ဒုတိယ)ဆုရရှိသူများအားလည်းကောင်း၊ သယံဇာတရေးရာဝန်ကြီးက အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ(တတိယ)နှင့် ပန်းချီပြိုင်ပွဲ (တတိယ) ဆုရရှိသူများအားလည်းကောင်း ဆုများအသီးသီးချီးမြှင့်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့ကာ ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ပြသထားသော ပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။
လှမင်းထွဋ်